မဲစာရင်း၌ နာမည်မပါသော်လည်း ပြည်သူတစ်ချို့ မဲထည့်ခွင့်ရရန် ကြိုးစားခဲ့

မဲစာရင်း၌ နာမည်မပါသော်လည်း ပြည်သူတစ်ချို့ မဲထည့်ခွင့်ရရန် ကြိုးစားခဲ့
စံမောင်သန်း — ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မင်းဂံရပ်ကွက်ရှိ မဲရုံ ၂ တွင် ပြည်သူတစ်ချို့ မဲစာရင်း၌ နာမည်မပါသော်လည်း မဲထည့်ခွင့်ရရန် ကြိုးစားခဲ့ကြသည်ဟု သတင်းရရှိသည်။

“မဲစာရင်းမှာ နာမည်မပါလို့ မဲမထည့်ရဖြစ်နေပါတယ်။ ပထမဆုံး မဲစာရင်းထွက်တဲ့အခါ ကျွန်မ နာမည်ပါလာပြီးတော့ မဲစာရင်းနံပါတ်က ၄၀၆၁ ဖြစ်ပါတယ်။ နောက်ပိုင်းမဲစာရင်းထွက်တဲ့အခါ မပါလာတော့ မဲထည့်ခွင့်ဆုံးရှုံးနေပါတယ်။ မဲထည့်ခွင့်ရတဲ့အထိ စောင့်ဆိုင်းသွားမှာပါ”ဟု အသက် ၅၀ အရွယ် ဒေါ်ဦးသန်းတင်ကပြောသည်။

၎င်းတို့ မိသားစုတွင် ၅ ဦး ရှိသည့်အနက် ၃ ဦးသာ မဲထည့်ခွင့်ရရှိပြီး ၂ ဦးမှာ မဲထည့်ခွင့် ဆုံးရှုံးခဲ့ရသည်ဟုသိရသည်။

“မဲမထည့်ရတဲ့အတွက် မဲတစ်ပြားဆုံးရှုံးရမှာကို တော်တော်လေး စိတ်ထိခိုက်ခံစားနေရပါတယ်”ဟု သူမကဆက်ပြောသည်။

 အလားတူဒေါ်ခင်သန်း မိသားစုတွင်လည်း အိမ်ရှင်ဖြစ်သူ မဲထည့်ခွင့်ရသော်လည်း သူမမှာ မဲထည့်ခွင့် ဆုံးရှုံးခဲ့ရသည်ဟု ပြောသည်။

“ဒီလိုမဲစာရင်းထဲမှာ မပါဘဲဖြစ်သွားရတာက မဲစာရင်းပြုစုတဲ့သူတွေ မသေချာလို့ပါ”ဟု ဒေါ်ခင်သန်းက ပြောသည်။

အဆိုပါ မဲရုံတစ်ခုတည်းတွင် မဲစာရင်းမပါသော်လည်း မဲထည့်ခွင့်ရရန် ကြိုးစားခဲ့သူ ရ၀ ဦးခန့်ရှိပြီး ညနေ မဲရုံပိတ်ချိန်ထိ မဲရုံပရဝုဏ်အတွင်း ရှိနေခဲ့ကြသည်ဟု သိရသည်။

သို့သော် သူတို့မဲထည့်ခွင့်ရရန် ကူညီဆောင်ရွက်ပေးခဲ့သူမရှိ၍ မဲထည့်ခွင့်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲစာရင်းမပါ၍ မဲထည့်ခွင့် ဆုံးရှုံးခဲ့ရသူ အမြောက်အမြားရှိသည်ဟု လေ့လာတွေ့ရှိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...