ရွေးကောက်ပွဲရလဒ် နိုင်ငံရေးပါတီကိုယ်စားလှယ်များ ပုံစံ၁၉တွင် လက်မှတ်မထိုး

ရွေးကောက်ပွဲရလဒ် နိုင်ငံရေးပါတီကိုယ်စားလှယ်များ ပုံစံ၁၉တွင် လက်မှတ်မထိုး
 တောင်ကြီးမြို့နယ်မဲစာရင်းကပ်နေစဉ်
တောင်ကြီးမြို့နယ်မဲစာရင်းကပ်နေစဉ်
မြဝန်းရံ — နိုဝင်ဘာလ ၈ရက်က ကျင်းပခဲ့သော ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အတွက် ရလဒ်များကို နိုဝင်ဘာ ၉ရက်ညနေ ၆နာရီက ထုတ်ပြန်ခဲ့ရာ ပါဝင်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီ များ၏ ကိုယ်စားလှယ်လောင်းများက ပုံစံ ၁၉ တွင် လက်မှတ် မရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့နယ်၌ ပြည်သူ့လွှတ်တော်အတွက် NLDမှ ဒေါက်တာဒေါ်သန်းငွေ အနိုင်ရရှိပြီး အမျိုးသားလွှတ်တော်နှင့် ပြည်နယ် လွှတ်တော် နှစ်နေရာတွင် USDPပါတီမှ အနိုင်ရရှိခဲ့သည်။

တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်များတွင် ကချင်၊ ဗမာ၊ လားဟူ၊ ကယန်းနှင့်အခါ တိုင်းရင်းသားနေရာတွင် NLDကလည်းကောင်း၊ လီဆူတိုင်းရင်းသားနေရာတွင် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကလည်းကောင်း အနိုင်ရရှိ ထားသည်။

တောင်ကြီးမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပကြိုတင်မဲ ရ၀၀၀ ကျော်နှင့်ပတ်သက်ပြီး မဲရေတွက်သည့်ညနေ၅နာရီမှစတင်ကာ အငြင်းပွားမှုများဖြစ်ပေါ်ခဲ့၍ နိုင်ငံရေးပါတီ၄ခုက အဆိုပါကြိုတင်မဲများအား ခိုင်လုံမဲ အဖြစ်ထည့် သွင်းရေတွက်မှုကို လက်မခံနိုင် သဖြင့် စုပေါင်းလက်မှတ်ရေးထိုးကာ နိုဝင်ဘာလ ၉ ရက်ညနေ ၄နာနီက UECသို့ ကန့်ကွက်စာ တင်ထားသည် ဟုသိရသည်။

မြို့နယ်ကော်မရှင်ဥက္ကဌဦးရဲမြင့်ဖေက “မဲဆန္ဒနယ်ပြင်ပက ကြိုတင်မဲတွေ ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့နေ့လည် ၂နာရီမှာ ရပခက လာပို့ထားတာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ပုံစံ၁၉မှာ လက်မှတ်ရေးထိုးမပေးတဲ့ အကြောင်းကို သူတို့ရဲ့ကန့် ကွက်စာနဲ့အတူ UECကို ပေးပို့သွားမှာဖြစ်ပါတယ်”  ဟု စောင့်ကြည့်လေ့လာသူများ၊ နိုင်ငံရေးပါတီများနှင့်မီဒီယာများရှေ့ တွင် ဖြေကြားခဲ့သည်။

မဲဆန္ဒနယ် ပြင်ပကြိုတင်မဲများ၏ ရလဒ်များမှာ USDPပါတီက  မဲအပြတ်အသတ် ရရှိထားပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များတွင် NLDပါတီက မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည်ဟုသိရသည်။ သို့ရာတွင် ကျေးရွာများမှ ဆန္ဒမဲများ၏ ရလဒ်များ  ကြောင့် NLD ပါတီအနေဖြင့်တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာသာ အနိုင်ရရှိရခြင်း ဖြစ်သည်ဟု ပါတီအောင် နိုင်ရေးအဖွဲ့မှ ဦးခွန်သန်းလွင်ကပြောသည်။

ပ.အ.မ.ဖပါတီမှ ဟိုပုံးမြို့နယ် ကိုယ်စားလှယ်လောင်း ဦးခွန်ဇော်ထွန်းက ကြိုတင်မဲများနှင့်ပတ််သက်ပြီး " တော်တော် များများက အဲဒီလိုမျိုး ကြိုတင်မဲတွေချည်းပါပဲ၊ နောက်တစ်ခုက ရရက်နေ့ညရနာရီ၈နာရီအထိ သူတို့ဧရိယာ တွေထဲကရွာတွေ  မှာ ရွာလုံးကျွတ်ကို ကြိုတင်မဲထည့်လို့ကောင်းကြတုန်းလို့ကြားရတယ်။ ဟိုပုံးမှာလဲ ဒီလိုပဲ အလားတူပါတီကပဲ ကြိုတင်မဲတွေ နဲ့အားသာနေတယ်။ အမှန်ခြစ်ပုံစံ အကုန်တူတူကို ဘယ်ပါတီမှမပါပဲ အဲဒီပါတီပဲပါတယ်။ လူထုက အကြောက်တရားအောက် မှာလုပ်သွားရတယ် ဆိုတာတော့ သေချာနေတယ်" ဟု ရွေးကောက်ပွဲရလဒ်များအပေါ်သုံးသပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးစိုင်းဇော်ဇော်က တောင်ကြီးမြို့နယ်ကြိုတင်မဲများနှင့်ပတ်သက်ပြီး ကန့်ကွက်မှုများ ဖြစ်ပေါ်နေသည့်အပေါ် သူ့အနေဖြင့် သေသေချာချာ မသိခဲ့ ရကြောင်း၊ ဖေ့ဘွတ်ကွန်ယက် စာမျက်နှာ ပေါ်နှင့် သူ၏ပါတီတာဝန်ခံကအကြောင်းကြားသဖြင့် သိရကြောင်း၊ မဲပြားနှင့်ပတ်သက်ပြီး ၎င်းတို့၏ ပါတီ ကလက်ကိုင် ထား၍မရသည့်အပြင်ထုတ်ပိုင်ခွင့်လဲမရှိကြောင်း၊ ကော်မရှင်မှာရှိသည့်မဲပြားသည် ကော်မရှင်ကသူ့ ဖာသာဖြေရှင်း လိမ့်မည်ဖြစ်ပြီး မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေနောက် ဆုံးဒီမဲပြားပဲ အကယ်၍မှားရင်လဲ ကော်မရှင်၏ တာဝန် ဖြစ်ပြီး ကော်မရှင်ဖြေရှင်းလိမ့်မည် ဟုရင်ထဲမှာပဲ ထားလိုက်ကြောင်းဖြေသည်။

ဦးစိုင်းဇော်ဇော်က"ကျွန်တော်ဖေ့ဖွတ်မှာဖတ်ရတာတော့ကော်တွေမခြောက်သေးဘူးတို့၊မှင်အမှန်ခြစ်ကတစ်ခုတည်းတို့ဘာတို့ပေါ့။ အမှန်တရားတော့ပေါ်မှာပါ။ကျွန်တော်ကအနိုင်ရချင်တာမဟုတ်ပါဘူး။ ပြည်သူအတွက်လုပ်ပေး ချင်တာ” ဟု ပြောသည်။

အမျိုးသားလွှတ်တော်နေရာတွင် တောင်ကြီးမြို့နယ်၌ ရှံုးနိမ့်ထားပြီး ညောင်ရွှေမြို့နယ်တွင် အနိုင်ရရှိထားသည့် NLDပါတီ မ ှကိုစိုင်းဇော်လတ်က "တစ်ပုံစံတည်းပဲ ထွက်တဲ့အတွက် ပါတီရဲ့စည်းမျဉ်းအရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေနဲ့တစ်ခြားနေရာတွေမှာ အားကောင်းနေပေမဲ့လဲ ဒီမှာမတရားမှုဖြစ်နေမယ်ဆိုရင် ကျွန်တော်ဝိုင်းဝန်း ကန့်ကွက်မှာ ဖြစ်ပါတယ်။ ကြိုတင်မဲတွေကလဲ တစ်ဦးတစ် ယောက်တည်း ကနေပြီး တစ်ပုံစံတည်းလုပ် ထားတဲ့ ပုံတွေ့ရတဲ့ အတွက် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အနိုင်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကန့်ကွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အတက်နိုင်ဆုံး ကိုယ်စားလှယ်တွေနဲ့ စောင့်ကြည့်ပါတယ်။ သို့သော်အခက်အခဲက ဒီစစ်တပ်ဘက်ဆိုရင် ကျွန်တော်တို့မှာ တပ်ထဲဝင်ရောက်ဖို့ အခက်အခဲရှိတဲ့အတွက် အဲဒီက ကြိုတင်မဲဘယ်လောက်ရှိ တယ်ဆိုတာ ကြိုမသိ ရဘူး။ မဲပေးတာလဲ ကြည့်လို့မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အများမြင်သာ ပွင့်လင်းမှုမရှိဘူးလို့ ပြောချင်ပါတယ်” ဟု ထွက်ရှိ ထားသောရလဒ်နှင့်ကြိုတင်မဲများနှင့် ပတ်သက်ပြီး ပြောသည်။

SNLDပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါ်နန်းမြဦးက ရေပူ ကချင်မရွာဘက်မှာ တစ်ရွာလုံး လူ၁၂၀လောက် ညပိုင်းအထိ ခေါ်ပြီးကြိုတင်မဲပေးခိုင်းသည်ဟု သတင်းရထားကြောင်း၊ ကြိုတင်မဲ၂မျိုးစလုံး ၏ မရိုးသားမှု ဟုသာ ကောက်ချက်ချချင်ကြောင်းပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ မဲရေတွက်ရာတွင် စောင့်ကြည့်လျှက်ရှိသည့် တာဝန်ခံဒေါက်တာစိုင်းဆိုင်ဝမ်းက "မဲဆန္ဒပြင်ပနယ်အတွက် ကြိုတင်မဲတွေ ရေတွက်တယ်လို့ပြောပါတယ်။ ကနေ့ဝင်လာတာများတာက စစ်တပ် ကလို့ ပြောပါတယ်။ စစ်တပ်ကဆိုတော့ တစ်မိန့်တည်းအောက်မှာ လုပ်ရတာ ဆိုတော့ ဖြစ်နိုင်ချေများ တယ်လို့ ယူဆရတာပေါ့။ ဒီပေါ်မှာတစ်ခြားပါတီတွေက ကန့်ကွက်ထားတာ ရှိပါတယ်။ သူတို့အနေနဲ့ ဒီလိုတစ်ဖက် စောင်းနင်း ဖြစ်လာတဲ့အနေအထားမှာ ကန့်ကွက်မှာပဲ။ ကျွန်တော်ဆိုလဲကန့်ကွက်မှာပဲ။ ဒီကိစ္စကလဲကော်မရှင်က သူတို့တာဝန်ယူထားတဲ့ကိစ္စ သူတို့လုပ်ထားတဲ့ကိစ္စ အပြည့်အဝတာဝန် ယူဖြေရှင်းသွားမယ်လို့ယူဆပါတယ်"ဟု ကြိုတင်မဲများနှင့် ပတ်သက်ပြီး သုံးသပ်ပြောဆိုသည်။  

Most read this week

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...