ရခိုင်ပြည်နယ်၌ ရခိုင်အမျိုးသားပါတီ အမတ်နေရာအများဆုံး အနိုင်ရရှိ

ရခိုင်ပြည်နယ်၌ ရခိုင်အမျိုးသားပါတီ အမတ်နေရာအများဆုံး အနိုင်ရရှိ
စံမောင်သန်း — နောက်ဆုံးမဲစာရင်းများအရ ရခိုင်ပြည်နယ်၌ ရခိုင်အမျိုးသားပါတီက အမတ်နေရာ အများစု အနိုင်ရရှိထားသည်ဟု သတင်းရရှိသည်။

“အတည်မပြုနိုင်သေးတဲ့ သတင်းအရဆိုရင်တော့ ရခိုင်အမျိုးသားပါတီဟာ ပြည်နယ်လွှတ်တော်မှာ ၂၅ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၃ နေရာနဲ့ ပြည်သူ့လွှတ်တော်မှာ ၁၂ နေရာ အနိုင်ရရှိထား ပြီးတော့ ပလက်ဝ မြို့နယ်မှာဆိုရင် ပြည်သူ့ လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာနဲ့ ပြည်သူ့လွှတ်တော် ၂ နေရာ အနိုင်ရရှိထားပါပြီ”ဟု ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က BNI ရွေးကောက်ပွဲသတင်းခန်းသို့ ပြောသည်။

တစ်ချို့နေရာများတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အဆက်အသွယ် မရရှိသေး၍ အနိုင်အရှုံး စာရင်းများကို မသိရှိရသေးသော်လည်း ဂွနှင့် မာန်အောင်မြို့နယ်တို့တွင် ရခိုင်အမျိုးသား ပါတီက နေရာအားလုံး ရှုံးနိမ့်နေသည်ဟု သိရသည်။

“တောင်ကုတ်၊ အမ်း၊ သံတွဲ၊ ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်တွေမှာ အနိုင်အရှုံးကို မသိရသေးဘူး” ဟု ဒေါ်အေးနုစိန်ကပြောသည်။

နောက်ဆုံး မဲစာရင်းများအရ ရခိုင်အမျိုးသားပါတီက အနိုင်ရရှိထားသော နေရာများမှာ စစ်တွေတွင် ၄ နေရာအနက် ၃ နေရာ၊ ပုဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် နေရာအားလုံးကို အနိုင်ရရှိထားပြီး ကြောင်းသိရသည်။

ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်များထဲမှ ဒေါက်တာအေးမောင်သည် မာန်အောင်မြို့နယ်တွင် ရှုံးနိမ့်ထားသော်လည်း မင်းပြားနှင့်မြေပုံ အမျိုးသားလွှတ်တော်တွင် ဦးအေးသာအောင်နှင့် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးဦးလှစောတို့ အနိုင်ရရှိထား ကြောင်း သိရသည်။

“မာန်အောင်မှာ ၄ နေရာစလုံးနိုင်တယ်။ ဂွမှာ ၂ နေရာ၊ သံတွဲမှာ ၂ နေရာ၊ တောင်ကုတ်မှာ ၂ နေရာအနိုင်ရရှိထားပြီးတော့ အမ်းကိုတော့ ဆက်သွယ်နေတုန်းပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စစ်တွေခရိုင်ဥက္ကဋ္ဌ ဦးသင်ခါကျော်က ပြောသည်။

နောက်ဆုံးအခြေအနေအရ အမ်းနှင့်ရမ်းဗြဲ အမျိုးသားလွှတ်တော်တွင် ရခိုင်အမျိုးသားပါတီမှ ဒေါ်ထုမေ အနိုင်ရရှိနေသည်ဟု သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုလက်ခံ ဖြေကြားခဲ့ခြင်းမရှိပေ။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...