ငြိမ်းချမ်းရေးအတွက် မဲဆွယ်သူ

ငြိမ်းချမ်းရေးအတွက် မဲဆွယ်သူ
သုတလင်း — ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများစာရင်းကို ကော်မရှင်က နိုဝင်ဘာလ ၈ ရက်နေ့ကတည်းကပင် ထုတ်ပြန်ကြေညာခဲ့ရာ ကချင်ပြည်နယ်က နေရာပေါင်း ဒေသ၂၀၀ ကျော်ပါဝင်ပြီး အခြားသော ပြည်နယ်၊တိုင်းများထက် မြင့်မားလျှက်ရှိသည်။

20151108 013034 1၄င်းအတွင်းမှ အင်ဂျန်းယန်မဲဆန္ဒနယ်က အများဆုံးဖြစ်ကာ ရွေးကောက်ပွဲ မကျင်းပနိုင်သော နယ်မြေ/ကျေးရွာ
စုစုပေါင်း ၆၁ နေရာပါဝင် သည်။ သို့သော် အင်ဂျန်းယန်မဲဆန္ဒနယ်တစ်ခုလုံး ဖျက်သိမ်းလိုက်ခြင်းမဟုတ်သည့်
အတွက် ယင်းဒေသတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂နေရာ စုစုပေါင်း ကိုယ်စားလှယ် ၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ယင်းအတွက် အဆိုပါဒေသတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဒွဲဘူ -( စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ) ကို ထိုသို့ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများပြားခြင်းအတွက် အဆိုပါဒေသမှ မဲဆန္ဒရှင်များ ၊ ကိုယ်စားလှယ်လောင်းများအတွက် ထိခိုက်နစ်နာမှုရှိ/မရှိနှင့် ပတ်သတ်၍ BNI ရွေးကောက်ပွဲ သတင်းခန်းမှ မေးမြန်းခဲ့ပါသည်။

မေး။ ။ အင်ဂျန်းယန်မဲဆန္ဒနယ်မှာဆိုရင် ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေက အများဆုံးဖြစ်နေတယ်။ အဲ့ဒီဒေသမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ့်  ကိုယ်စားလှယ်လောင်းတစ်ဦး အတွက်ရော အဲ့ဒီဒေသက ပြည်သူတွေ အတွက်ရော ထိခိုက်နစ်နာမှုတွေ ရှိပါသလား။

ဖြေ။ ။ ဒီ ၆၁ နေရာဆိုတာ တစ်နိုင်ငံလုံးအနေနဲ့ ကြည့်မယ်ဆိုလည်း မဲမပေးရတယ့် နေရာအများဆုံးပေါ့။ အင်ဂျန်းယန်က မြို့နယ်ပျောက်သွားတာ ကြာလှပြီ။ မြို့နယ်ဆိုပြီး ပြန်ဖြစ်လာတာလည်း သိပ်မကြာသေးဘူး။ ရုံးစိုက်မြို့ဆိုပေမယ့် ရုံးတွေအားလုံးက မြစ်ကြီးနားမှာပဲရုံးစိုက်တယ်။ သွားရေးလာရေးခက်ခဲတယ်။

အဲ့ဒီ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကလည်း KIA ထိန်းချုပ်ဧရိယာတွေဖြစ်တယ်။ လူဦးရေကလည်း ကြိုကြား ကြိုကြားပဲရှိတယ်။

အကယ်၍ ခုနေ KIA ဟာ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးသည့်တိုင်အောင် ငြိမ်းချမ်းသွားသည့်တိုင်အောင် အဲ့ဒီဒေသတွေကို သွားဖို့လာဖို့ အင်မတန်ခက်ခဲဦးမယ်။

KIA လက်မှတ်ထိုးလိုက်ရင်တော့ သူတို့နဲ့ ညှိနှိုင်းပြီး မဲပုံးထောင်လို့ရတာပေါ့။ အဓိကကတော့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာပေ့ါ။ ကားမပြောနဲ့ ဆိုင်ကယ်သွားဖို့ တောင် မလွယ်ဘူး။ အဲ့ဒီလိုအနေထားမျိုးပေါ့။ ဒေသခံတွေအနေနဲ့ကတော့ ဒီလောက် ခက်ခဲတဲ့နေရာ အထူးအလေးထားပြီးမှ မဆောင်ရွက်ရင် သူတို့မဲပေးနိုင်ဖို့ဆိုတာအင်မတန်ခက်ခဲတယ်။  

တကယ်တမ်းဆိုရင်တော့ ဒီနေရာတွေက လမ်းပန်းဆက်သွယ်ရေးကောင်းသွားအောင် အရင်လုပ်ရမှာ။ နှစ်ဖက်တပ်တွေ လက်မှတ်ထိုးရင်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းအောင် အရင်လုပ်နိုင်မှာ မဲပေးလို့ရမှာ။ တစ်ချို့နေရာမှာတော့ KIA ထိန်းချုပ်နယ်မြေနဲ့ ကပ်ရက်လေးတွေရှိတယ်။ အဲ့ဒီလိုနေရာတွေကတော့ လက်မှတ်ထိုးထားခဲ့တယ်ဆိုရင် ရွေးကောက်ပွဲ လုပ်လို့ရမှာပါ။ ဒေသခံတွေလည်း မဲပေးနိုင်မယ်။ ဒါပေမယ့် ခုအနေအထားမှာတော့ ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော၊ ပြည်နယ် ၂ နေရာရော မဲပေးနိုင်တဲ့ သွားလို့ရတယ့် နေရာတွေမှာ လုပ်တဲ့အတွက် ကိုယ်စားလှယ်တွေကတော့ ပြည့်ပြည့်ဝဝရှိတဲ့အတွက် ဒီကိုယ်စားလှယ်က ခုနလိုနေရာတွေက အခက်အခဲတွေကိုပြောဖို့ အတွက် တာဝန်ရှိတာပေါ့။ သူကလုပ်နိုင်ရင်တော့ လူုထုအတွက်မနစ်နာဘူး။

သူက မလုပ်နိုင်ရင်တော့ လူထုအတွက်နစ်နာမယ်။ ကိုယ်စားလှယ်နေရာ ပျက်ယွင်းတာ မဟုတ်ဘူး။ လွှတ်တော်တစ်ခုလုံး ဖျက်သိမ်းလိုက်တာ မဟုတ်ဘူး။ ကိုယ်စားလှယ် အပြည့်အဝရှိတယ်ဆိုရင်သူက ပြောပေးနိုင်ဖို့လိုတာပေ့ါ။

ကိုယ့်ကို အဲ့ဒီဒေသကလူတွေက မဲမထည့်နိုင်ဘူး ဆိုရင်တောင် အဲ့ဒီဒေသကလူတွေအတွက် ကိုယ်စားလှယ်ဟာ တန်းတူညီမျှဖြစ်အောင် လုပ်ဆောင် ပေးနိုင်ဖို့လိုတယ်။ အရမ်းခက်ခဲပြီး သွားလို့မရတဲ့ နေရာတွေရှိတာကိုတော့ အစိုးရကို တင်ပြရမှာပေါ့။

နောက်ပြီး အဲ့ဒီဒေသတွေဆိုရင် ငြိမ်းချမ်းရေး ကိစ္စကလည်း ပါလာပြီပေါ့။ အဲ့ဒီလို ဒေသတွေမှာ ဆောင်ရွက်ဖို့ဆိုရင် ကိုယ်စားလှယ်ဟာ နှစ်ဖက်စလုံးနဲ့ အဆင်ပြေဖို့လိုတယ်။

မေး။ ။ အန်တီက ယခင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တယ်။ ခုတစ်ခေါက်မှာ ပြန်လည်ဝင်ရောက် အရွေးခံတယ်ဆိုတော့ ဒေသအတွက် အန်တီမဲဆွယ် စည်းရုံးရေးဆင်း တဲ့အခါ ကြိုတင်ပြင်ဆင် ထားခဲ့ရတာတွေ ရှိပါသလား။

ဖြေ။ ။ အထူးတလည်ပြင်ဆင်တာမရှိဘူး။ ၂၀၁၀ တုန်းက သိပ်ပြင်ဆင်ချိန်မရဘူး။ မငြိမ်းချမ်းတဲ့ဒေသ၊ လူထုထဲမှာ ငါတို့ကို ကြိုက်လားမကြိုက်လားစိုးရိမ်ရတယ်။

အန်တီတို့က ပါတီသေးသေးလေးဆိုတော့။ ၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်လုပ်ပြီး ဝင်ရတယ်ဆိုတဲ့ အခါကျတော့ အန်တီတို့က ညာလည်း မညာခဲ့ဘူး။

အဲ့ဒီတော့ အန်တီတို့ကို မကြိုက်တဲ့သူတွေလည်း ရှိတော့ သူတို့ကို အထူးတလည်ဘာမှမပြောဘူး။ ၃ရက်ပဲသွားတယ်။

မဲဘယ်လိုထည့်ရတယ်ဆိုတာပဲပြောတယ်။  ဘာကတိတော့ ပေးထားလည်း ဆိုတော့ ဒီဒေသ မငြိမ်းချမ်းတဲ့ ဒေသဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေကြိုးစားမယ်ဆိုပြီးပြောခဲ့တယ်။ဒါပေမယ့်  ဒါက ကိုယ်တစ်ယောက်ထဲ နဲ့လည်း မရဘူးလေ။ ဒီကြားထဲမှာတော့ ရွေးချယ်ခံရတယ်။ ၃နှစ်ကြိုးစားခဲ့တယ်။

တစ်ခါတစ်လေ အန်တီတို့က ကိုယ့်ဒေသကို  အရမ်းငြိမ်းချမ်း စေချင်တော့ ပြောတာတွေ လောတာရှိတယ်။ အဲ့ဒီအခါ အစိုးရဘက်က နားမဝင်တာ ၊ စစ်တပ်က နားမဝင်တာတွေရှိတယ်။

အဲ့ဒါမျိုးဆိုတော့ အရမ်းကို ထဲထဲဝင်ဝင်ပြောခဲ့တော့ ခု နောက်ပိုင်းဆို သိပ်ပြီး ဆွေးနွေးခွင့်မရတာတွေလည်း ရှိတယ်။

ခု အန်တီတို့ဒေသမှာ အန်တီတို့ပါတီအပြင် ၆ ပါတီ ရှိလာပြီ။ မဲဆွယ်တဲ့နေရာမှာ တခြားပါတီတွေက တခြားလုပ်ဆောင်ချက်တော့ မရှိသေးဘူး။

အန်တီတို့ကတော့ မဲဆွယ်တဲ့အခါမှာ တခြားပါတီတွေကို မရှံု့ချဘူး။ အန်တီတို့ကတော့ မဲသီးသန့် မဆွယ်တော့ဘူး။ အန်တီတို့ ဒေသအတွက် ဆက်ပြီး သူတို့နဲ့ လက်တွဲ ရမယ့် အနေအထားတွေရှိတယ်။ အဲ့ဒီအတွက် အန်တီတို့ သူတို့ မဲကို လိုအပ်တယ်။ သူတို့သာ အန်တီတို့နဲ့ လက်မတွဲရင် မဲဆန္ဒနယ်အတွက် အဆင်မပြေနိုင်ဘူး။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...