ရခိုင်ပြည်နယ်၏ နောက်ဆုံးမဲစာရင်း ၉၀ ရာခိုင်းနှုန်း မှန်ကန်ဟုဆို

ရခိုင်ပြည်နယ်၏ နောက်ဆုံးမဲစာရင်း ၉၀ ရာခိုင်းနှုန်း မှန်ကန်ဟုဆို
စံမောင်သန်း — “အခုလက်ရှိအနေအထားတော့ ကျွန်တော်တို့ တော်တော်လေး ကျေနပ်ပါတယ်။ မဲစာရင်းတွေကအစ ကျွန်တော်တို့က နောက်ဆုံး အခုထုတ်ပြန်ကြေငြာ ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေဆိုရင် ၉၀ ရာခိုင်နှုန်း လောက်ထိ မှန်ကန်သွားပြီလို့ ပြောလို့ရတယ်။ တစ်ချို့ဟာလေးတွေကတော့ ပြည်သူလူထုရဲ့ မသိနားမလည်မှု၊ အားနည်းတဲ့ အပိုင်းလေးတွေရယ် ပြီးရင် ကျွန်တော်တို့ မဲစာရင်းပြုစုရတဲ့အပိုင်းတွေမှာ နည်းနည်း အခက်အခဲ ရှိတဲ့အတွက် နည်းနည်းပါးပါးတော့ ကျန်တာပေါ့”ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အရာရှိ ဦးသူရိန်ထွဋ်က BNI ရွေးကောက်ပွဲသတင်းခန်း ၏မေးမြန်းချက်များ ကိုယခုလို့ပြန်လည်ဖြေကြားခဲ့သည်။

မေး။ ။ ရခိုင်ပြည်နယ်မှာ မဲရုံတွေပြင်ဆင်ထားမှု နောက်ဆုံးအခြေအနေလေးကို ပြောပြပေးပါ။

ဖြေ။ ။ မဲရုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လုပ်ရမယ့်ကိစ္စတွေ့ကျန်ပါသေးတယ်။ ညနေလောက်ဆို ၈၀ ရာခိုင်နှုန်းလောက်တော့ ပြီးသွားမှာပါ။

မေး။ ။ မဲရုံမှူးတွေခန့်အပ်တဲ့နေရာမှာ သူတို့အတွက် သွားလာရခက်ခဲတဲ့ နေရာတွေရှိလား။

ဖြေ။ ။ ရှိတယ်။ ဘူးသီးတောင်မှာရှိတယ်။ ရသေ့တောင်မှာ ရှိတယ်။ ပြီးရင် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ စစ်တွေနဲ့ ပေါက်တောဘက်တွေမှာရှိပါတယ်။ မင်းပြားမှာဆိုရင်တော့ ကျော်ကားတို့၊ မွန်ချောင်းဝတို့ ရွာတွေဆိုရင် နှစ်ရက်လောက် ကြိုသွားရတာပေါ့။ နှစ်ညအိပ်ခရီး သွားရတဲ့နေရာတွေဆိုတော့ အဲဒီလိုကြိုသွားမှ အဆင်ပြေတယ်။ သွားရေးလာရေး အပိုင်းမှာတော့ အခက်အခဲနည်းနည်း ရှိတာပေါ့။ ကျန်တဲ့အပိုင်းမှာတော့ အခက်အခဲမရှိပါဘူး။

မေး။ ။ အမ်းဘက်မှာရော အခက်အခဲ မရှိဘူးလား။

ဖြေ။ ။ အမ်းဘက်မှာတော့ သိပ်ပြဿနာမရှိဘူး။ အဆင်ပြေပါတယ်။

မေး။ ။ ရွေးကောက်ပွဲပြင်ဆင်ရေးကာလမှာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဘယ်လို အခက်အခဲတွေ ရင်ဆိုင် ဖြတ်သန်းခဲ့ရလဲမသိဘူး။

ဖြေ။ ။ အခက်အခဲကတော့ အခြေခံမဲစာရင်း ပြုစုတာက စတာပေါ့ဗျာ။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေအရ ဆိုတော့ ပုံစံ ၆၆/၆ မရှိတာတို့၊ နိုင်ငံသားစိစစ်ရေးကတ် မရှိတာကစတယ်။ မဲစာရင်းမှာပဲ ကွန်ပျူတာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အခက်အခဲလေးတွေရှိတယ်။

 ပြီးတော့ Soft Ware ဆိုင်ရာအပိုင်းတွေမှာ အခက်အခဲလေးတွေရှိတာပေါ့ဗျာ။ အဲ့ဒီဟာ မဲစာရင်း ပြုစုတဲ့အပိုင်းပေါ့။ အဲ့ဒီကနေပြီး ဒီဘက်ကို ရောက်လာတဲ့အခါကျတော့ ကျွန်တော်တို့ မဲရုံပစ္စည်း ပစ္စယတွေ ထုပ်ပိုးတာတို့၊ ဒီဟာတွေကတော့ သိပ်အခက်အခဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သေးသေးမွှားမွှားလေးပါပဲ။ အခုနောက်ဆုံး ကြိုတင်မဲတွေ ပေးတဲ့အဆင့်ထိရောက်လာတော့ ကြိုတင်မဲတွေ ပေးတဲ့အခါကျတော့လည်း ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့မှ မသိနားမလည်မှုများတာပေါ့။

မသိနားမလည်မှုများတဲ့အခါကျတော့ ဒါနဲ့ပတ်သက်ပြီးတော့မှ သိအောင် ပညာပေးရတဲ့လုပ်ငန်း၊ ဒီမှာလည်း နည်းနည်း အခက်အခဲလေးတော့ ရှိပါတယ်။

မေး။ ။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် တော်တော် ကြိုးစားခဲ့ရတာတွေကို တွေ့ရတယ်။ ရွေးကောက်ပွဲ ပြင်ဆင်မှုအပိုင်းမှာ ကော်မရှင်အနေနဲ့ ဘယ်လောက်ထိ ကျေနပ်မှုရှိလဲ။

ဖြေ။ ။ အခုလက်ရှိအနေအထားတော့ ကျွန်တော်တို့ တော်တော်လေး ကျေနပ်ပါတယ်။ မဲစာရင်းတွေကအစ ကျွန်တော်တို့က နောက်ဆုံး အခုထုတ်ပြန်ကြေငြာ ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေဆိုရင် ၉၀ ရာခိုင်နှုန်းလောက်ထိ မှန်ကန်သွားပြီလို့ ပြောလို့ရတယ်။

တစ်ချို့ဟာလေးတွေကတော့ ပြည်သူလူထုရဲ့ မသိနားမလည်မှု၊ အားနည်းတဲ့ အပိုင်းလေးတွေရယ် ပြီးရင် ကျွန်တော်တို့ မဲစာရင်းပြုစုရတဲ့အပိုင်းတွေမှာ နည်းနည်းအခက်အခဲရှိတဲ့အတွက် နည်းနည်းပါးပါးတော့ ကျန်တာပေါ့။ ဒါလောက်ပဲ ရှိပါတယ်။ အများတော့မရှိပါဘူး။

မေး။ ။ ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့ကာလမှာ ပါတီတွေရယ်၊ လူမှုအဖွဲ့အစည်းတွေရယ်၊ လူထုတွေရယ် သူတို့ရဲ့ ပူးပေါင်းပါဝင်မှု အပိုင်းမှာပါဘယ်လောက်ထိ ကျေနပ်မှုရှိလဲ မသိဘူး။

ဖြေ။ ။ တော်တော်တော့ အားနည်းပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားအရ ဆိုရင်တော့ ဒီဟာနဲ့ပတ်သက်ပြီး စည်းရုံးတဲ့ ပညာပေးလုပ်ငန်းတွေ အများကြီးလုပ်ရဦးမယ်။ ကျွန်တော်တို့ လူမှုအဖွဲ့အစည်း၊ ပါတီတွေ အပိုင်းကလည်း တတ်သိမှုအပိုင်းတွေမှာ အများကြီး ကျွန်တော်တို့ဆောင်ရွက်ပေးဖို့ အနေအထားရှိပါသေးတယ်။

မေး။ ။ မီဒီယာတွေရဲ့ ဖေါ်ပြမှုအပိုင်းရော ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအားနည်းချက်တွေရှိလဲ၊ သူတို့ရဲ့ တင်ပြမှုတွေအပေါ်မှာ ပြည်သူတွေရဲ့ သဘောပေါက်မှုတွေ၊ ပူးပေါင်းပါဝင်မှုတွေက ဘယ်လောက်အတိုင်းအတာတွေ့ရလဲ မသိဘူး။

ဖြေ။ ။ ပြောရရင်တော့လည်းဗျာ မီဒီယာတွေအပိုင်းကလည်း အားနည်းချက်တွေကို ထောက်ပြပြီးတော့မှ အကြံပြုဖို့ အပြုသဘောဆောင်တဲ့ အကြံဉာဏ်ပေးတာမျိုး အများဆုံး လုပ်စေချင်ပါတယ်။ အခုကတော့ အပြစ်ကိုပဲ ဖေါ်ပြပြီးတော့မှ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ အကြံဉာဏ်ပေးမှုကတော့ အားနည်းသေးတာပေါ့။

အဲဒီမှာ သူတို့ဆောင်ရွက်ချက် အပေါ်မူတည်ပြီးတော့မှ ပြည်သူတွေရဲ့ တတ်သိနားလည်မှု အပိုင်းလည်း အားနည်းလာတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ မီဒီယာတွေ အနေနဲ့လည်း နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်တာနဲ့အညီ နိုင်ငံရဲ့အဓိက အရေးပါတဲ့ ရွေးကောက်ပွဲကြီး လုပ်ငန်းစဉ်တစ်ခုလုံးမှာ နောက်ပိုင်းလုပ်မယ့် ရွေးကောက်ပွဲတွေဆိုရင် အတတ်နိုင်ဆုံးပေါ့ ပူးပေါင်းပါဝင် ဆောင်ရွက် မယ်ဆိုရင်တော့ ဒါကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်က နိုင်ငံတကာအလယ်မှာ အများကြီး တက်လာနိုင်တယ်လို့ ပြောချင် ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဦးသူရိန်ထွဋ္ဋ်အနေနဲ့ ဘာများပြောချင်ပါသေးလဲ။

ဖြေ။ ။ မနက်ဖြန်ဆိုရင် ကျွန်တော်တို့ ရွေးကောက်ပွဲနေ့ပေါ့။ အဲဒီကျတော့ မနက် ၆ နာရီကတည်းက ညနေ ၄ နာရီအတွင်းမှာပေါ့ မဲသွားပေးကြပါ။ မဲပေးတဲ့အခါမှာလည်း မဲရုံပိတ်ခါနီး စုပြံုပြီးတော့ သွားတာမျိုးမလုပ်ကြဘဲနဲ့ မိုးလင်း ၆ နာရီထိုး စပြီးကတည်းက သွားပြီးတော့ အမြန်ဆုံးပေးပါ။ စုပြီးတော့မှ ညနေ ၄ နာရီ မဲရုံပိတ်ခါနီးလောက်မှ မဲသွားပေးကြတယ်ဆိုရင် အများကြီး မဲရုံဝန်ထမ်းတွေမှာ လုပ်ရတာ အခက်ခဲရှိသွားနိုင်တယ်။ ဒါကြောင့် သတ်မှတ်တဲ့ အချိန်အတွင်းမှာ ကြိုတင်သွားပြီးတော့ မဲပေးကြဖို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်ဗျာ။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...