ပဋိပက္ခဖြစ်နိုင်ခြေရှိသည့် မဲဆန္ဒနယ်များကို ဦးစားပေး စောင့်ကြည့်သွားမည်

ပဋိပက္ခဖြစ်နိုင်ခြေရှိသည့် မဲဆန္ဒနယ်များကို ဦးစားပေး စောင့်ကြည့်သွားမည်
စံမောင်သန်း — ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်မည့် အဖွဲ့အစည်းများအနက် ဝံလက်ဖောင်ဒေးရှင်းမှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များပြီး ပဋိပက္ခဖြစ်ပွားနိုင်သည့် မဲဆန္ဒနယ်များကို ဦးစားပေး စောင့်ကြည့်သွားမည်ဟုသတင်းရရှိသည်။

“စစ်တွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှာ ရှုပ်ထွေးမှုတွေရှိနိုင်တယ်။ တစ်သီးပုဂ္ဂလတွေရှိတယ်၊ နောက်ပြီးတော့ တစ်ခြားတိုင်းရင်းသား ပါတီတွေလည်း ရှိတယ်။ ရှုပ်ထွေးမှုတွေရှိတဲ့အတွက် ပဋ္ဋိပက္ခတွေ တစ်စုံတစ်ရာ ဖြစ်လာနိုင်တယ်၊ နဂိုကလည်း လွှတ်တော် ကိုယ်စားလှယ်တွေ အချင်းချင်းကြားထဲမှာ ပဋ္ဋိပက္ခတွေဖြစ်ဖူးခဲ့တယ်။ အဲဒါကြောင့် ပိုပြီးတော့ သတိထားစောင့်ကြည့်တာ ဖြစ်ပါတယ် ”ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ တစ်ဦးဖြစ်သူ ခိုင်ကောင်းစံက BNI ရွေးကောက်ပွဲသတင်းခန်းသို့ ပြောသည်။

အမှတ် ၂ မဲဆန္ဒနယ်မြေတွင် မဲရုံပေါင်း ၆၀ ရှိသည့်အနက် မဲရုံ ၅၀ ကို ဝံလက်ဖောင်ဒေးရှင်းက စောင့်ကြည့်သွားမည်ဟုသိရသည်။

“ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ရှုပ်ထွေးတဲ့ မဲဆန္ဒနယ်မြေတွေလည်းရှိတယ်။ ဥပမာ ပိုးရီပြင်လိုနေရာမျိုးပေါ့၊ တစ်သီးပုဂ္ဂလတွေ များတာရှိတယ်။ နောက်ပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်လို နေရာလိုမျိုးပေါ့။ ပုဏ္ဏားကျွန်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်လို နေရာမျိုးတွေကို အလေးထား စောင့်ကြည့်တာတွေ ရှိတယ်။ နောက်ပြီးတော့ မြောက်ဦးမြို့နယ်မှာလည်း တစ်သီးပုဂ္ဂလတွေ များတဲ့နေရာတွေကို အလေးထားစောင့်ကြည့်သွားမယ်”ဟု ခိုင်ကောင်းစံကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ရာ၌ လာဒ်ပေးလာဒ်ယူမှု ပြုလုပ်သည့် ပုံစံမျိုးလည်း တွေနေရသည်ဟု ဝံလက်ဖောင်ဒေးရှင်းကဆိုသည်။

“လာဒ်ပေးလာဒ်ယူတဲ့ ပုံစံမျိုးတွေ တွေ့နေရပါတယ်။ ဥပမာ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရီပြင်ရွာမှာဆိုလို့ရှိရင် ပါတီကြီးတစ်ခုကနေပြီးတော့ ရပ်ရွာမှာ အဓိကလုပ်ဆောင်နေတဲ့ လူတွေကို ကျောင်းဆောက်ပေးမယ်၊ ကျောင်းဆောက်ပေးလို့ရှိရင် သူတို့ပါတီကို မဲထည့်ပေးရမယ် ဆိုပြီးတော့ စည်းရုံးတာတွေကို ကျွန်တော်တို့ လေ့လာတွေ့ရှိထားတယ်”ဟု ခိုင်ကောင်းစံက ဆက်ပြောသည်။

ဝံလက်ဖောင်ဒေးရှင်း အနေဖြင့် မဲရုံစောင့်ကြည့််သူ ၈၇ ဦးက မဲရုံပေါင်း ၂၀၀ ကို စောင့်ကြည့်သွားမည်ဟု သတင်းရရှိသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...