ရခုုိင်ပြည်နယ် မဲရုုံစောင့်ကြည့်ရေးအဖွဲ့များ မဲရုုံအားလုုံး မစောင့်ကြည့်နုုိင်

ရခုုိင်ပြည်နယ် မဲရုုံစောင့်ကြည့်ရေးအဖွဲ့များ မဲရုုံအားလုုံး မစောင့်ကြည့်နုုိင်
စံမောင်သန်း — ရခိုင်ပြည်နယ်တွင် မဲရုံများကို စောင့်ကြည့်မည့်အဖွဲ့များသည် မဲရုံအားလုံးကို လွှမ်းခြံု စောင့်ကြည့် နိုင်မည် မဟုတ်ပဲ မဲရုံတစ်ချို့ကိုသာ စောင့်ကြည့်နိုင်မည်ဟု စောင့်ကြည့်ရေး အဖွဲ့များထံမှ သတင်း ရရှိသည်။

 “ကျွန်မတို့က ဖန်တီးအိမ်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးမှာ စောင့်ကြည့်မယ့်သူ ရ၀ ကျော်ရှိပါတယ်။ ရခိုင်တစ်ပြည်နယ်လုံးကိုတော့ လွှမ်းခြံုနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ မဲရုံတစ်ရုံမှာ လူ ၂ ယောက်ကျစီစောင့်ကြည့်မှာဖြစ်ပြီးတော့ မြို့နယ်တစ်ခုအတွက် အများဆုံးစောင့်ကြည့်နိုင်မှာက ၃-၄ ရုံလောက်ပဲရှိပါတယ်”ဟု ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ မဖြူနှင်းဝေက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

စောင့်ကြည့်ရာ၌ ချိတ်ဆက်ဆက်သွယ်ရန် အရေးပေါ်ဖုန်းနံပါတ်များ ပေးထားပြီး၊ တာဝန် ယူဆောင်ရွက်ရန် တာဝန်ခံတစ်ဦးကို သီးသန့်တာဝန် ပေးထားသည်ဟုသိရသည်။

 မဲရုံများ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက အပြင်ကိုဖုန်း အဆက်အသွယ်လုပ်ရန်တစ်ဦးနှင့် ပူးတွဲတစ်ဦးဖြင့် မဲရုံတစ်ရုံတွင် စုစုပေါင်း ၂ ဦးကျစီထားရှိမည်ဟုသိရသည်။

 “ရွေးကောက်ပွဲကာလ ပြီးဆုံးတဲ့အခါမှာ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေကို နှစ်ယောက်တစ်ဖွဲ့ ပေါင်းပြီးတော့ Coordinator ကို ပြန်တင်ရပါမယ်။ ရခိုင်တစ်ပြည်နယ်လုံးက ရရှိတဲ့ အချက်အလက်တွေကို စုပြီးတော့ ဖန်တီးအိမ်ကို တစ်ပြိုင်တည်းတင်ကြမှာပါ”ဟု မဖြူနှင်းဝေက ပြောသည်။

ရခိုင်ပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်းများထဲတွင် ဝံလက်ဖေါင်ဒေးရှင်းတစ်ခုတည်းသာ ရခိုင်ပြည်နယ်တွင် မဲရုံများကို စောင့်ကြည့်မည့်ဒေသအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ စောင့်ကြည့်သူပေါင်း ၈၇ ဦးက ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် စောင့်ကြည့်မည်ဖြစ်သော်လည်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ ပုဏားကျွန်းမြို့နယ်များတွင် အဓိကထားစောင့်ကြည့်သွား မည်ဟုသတင်းရရှိသည်။

“ကျွန်တော်တို့စောင့်ကြည့်ရေးအဖွဲ့တွေက ရခိုင်တစ်ပြည်နယ်လုံးကို လွှမ်းခြံုမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ မဲရုံ ၂၀၀ ကို စောင့်ကြည့်ဖို့အတွက်ပဲ ဘတ်ဂျက်က ရှိနေပါတယ်။ ဘာကြောင့် လဲဆိုတော့ ရခိုင်တစ်ပြည်နယ်လုံးမှာ မဲရုံပေါင်း ၂၄၀၀ ကျော်ရှိတယ်လေ” ဟု ဝံလက်ဖေါင်းဒေးရှင်း ဒါရိုက်တာတစ်ဦးဖြစ်သူ ခိုင်ကောင်းစံကပြောသည်။

မဲရုံစောင့်ကြည့်သူအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရန် Viber Group တစ်ခုကို ဖွဲ့ထားပြီး၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး၍ ရေတိုကာလနှင့် ရေရှည်ကာလ နှစ်ပိုင်းခွဲပြီး သတင်း ထုတ်ပြန်မည် ဖြစ်ပြီး လွှတ်တော်အမတ်များ ကျမ်းသစ္စာ ကျိန်ဆိုသည့် ကာလအထိ စောင့်ကြည့် သွားမည်ဟု သတင်းရရှိသည်။

အမျိုးသားလူငယ်ကွန်ဂရက်အဖွဲ့မှလည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကို စောင့်ကြည့်သွားမည်ကာ တစ်မြို့နယ်ကို လေးဦး ကျ စောင့်ကြည့်သွားမည် ဖြစ်သော်လည်း အစီရင်ခံစာ ထုတ်ပြန်သည့်အခါ ရခိုင်ပြည်နယ် တစ်ခုတည်းအတွက် သီးသန့်မထုတ်ပြန်ဘဲ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်သွားမည်ဟု ကိုမျိုးမင်းထွန်းကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲစောင့်ကြည့်သည့်အဖွဲ့ပေါင်း ၈ ဖွဲ့ရှိသည်ဟု လေ့လာသိရှိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...