မင်းပြားမြို့နယ် မဲထည့်နည်းပညာပေးကို အကြောင်းပြ၍ မဲထည့်ရန် လက်မှတ်ထိုးခိုင်းဟု ရခိုင်အမျိုးသားပါတီဆို

မင်းပြားမြို့နယ် မဲထည့်နည်းပညာပေးကို အကြောင်းပြ၍ မဲထည့်ရန် လက်မှတ်ထိုးခိုင်းဟု ရခိုင်အမျိုးသားပါတီဆို
စံမောင်သန်း — ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျေးရွာတစ်ချို့တွင် ပြည်ခိုင်ဖြိုးပါတီမှ မဲထည့်ပညာပေးမှုကို အကြောင်းပြပြီး သူတို့ပါတီကို မဲထည့်ရန် တစ်အိမ်တက်ဆင်း လက်မှတ်ထိုးခိုင်းနေကြာင်း ကျေးရွာသားများက ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ်ရုံးသို့ လာရောက်တိုင်တန်းကြသည်ဟု သိရသည်။

“ဇီးပင်ကြီးလို့ခေါ်တဲ့ ကျေးရွာက ရွာသားတွေ ကျွန်တော်တို့ရုံးမှာ လာတိုင်တာကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလူတွေဟာ မဲထည့်ပုံထည့်နည်း စနစ်တွေကို ပြတဲ့ပုံစံမျိုးနဲ့ အတင်းလက်မှတ် ထိုးခိုင်းတယ်လို့ ပြောပါတယ်” ဟု ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းဇံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းကဲ့သို့ လုပ်ဆောင်သည့်အတွက် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရွာသားများ အချေအတင် စကားများကြသည်ဟု သိရသည်။

“ကျွန်တော်တို့ရွာမှာ တည်ငြိမ်နေတာကို အတင်းလက်မှတ် လာထိုးခိုင်းတယ်။ ပြီးတော့ ဒီမှာထည့်ရမယ်ဆိုပြီးတော့ လာပြောကြပါတယ်။ အဲ့ဒီလိုမျိုး တစ်အိမ်တက် တစ်အိမ်ဆင်း လုပ်နေပါတယ်။ တစ်ချို့အိမ်တွေမှာဆိုရင် သူ့ယောကျ်ားက အလုပ်သွားနေတုန်း အိမ်ကမန်းမက လက်မှတ်ထိုးလိုက်ပြီ၊ သူ့ယောကျ်ားပြန်လာတော့ ဘာကြောင့် ထိုးရမလဲဆိုပြီးတော့ လင်မယား စကားများကြတာတွေလည်း ရှိပါတယ်” ဟု ရွာသားတစ်ဦးကပြောသည်။

“ဦးဇင်းသိသလောက်ကို ပြောရမယ်ဆိုရင် သူတို့တွေက အိမ်တိုင်လာရောက် လာပြီးတော့ မဲကိုလက်မရိုက်ခိုင်းပါတယ်။ နာမည်တွေယူတယ်။ ရွာသားတွေက တိတိကျကျမသိကြတော့ အဖြစ်အပျက်တွေကို ဦးဇင်းကို လာပြောကြတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြို့နယ်နဲ့ ခရိုင်ကော်မရှင်တွေကို တိုင်ထားပါတယ်” ဟု ကေသလာကျေးရွာမှ ကျောင်းထိုင်ဆရာတော်က ဆုုိသည်။

ယင်းကဲ့သို့ ပြုလုပ်နေသော ကျေးရွာများမှာ ဇီးပင်ကြီး၊ ကေသလာ၊ ပြင်ဝနှင့် ချောင်းဝ ကျေးရွာများတွင်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို မေးမြန်းရာ ကျေးရွာသားများက တိုင်ကြားခြင်း တစ်စုံတရာမရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီက မဲပေးပညာပေးများကို ပြုလုပ်နေသည်ဟုသာ ကြားသိနေရသည်ဟု ပြောသည်။

ကျေးရွာသားများအား တိုင်ကြားထားခြင်းရှိမရှိ  ထပ်မံစုံစမ်းရာ ဖုန်းဆက်တိုင်ကြားထားခြင်းသာဖြစ်ပြီး၊ စာရေးပြီး တရားဝင်တိုင်ကြားထားခြင်းမရှိဟု သိရသည်။

“တစ်အိမ်တက် တစ်အိမ်ဆင်း မဲထည့်ပုံကို ပညာပေးလုပ်နေတာမှန်ပါတယ်။ လက်မှတ်တော့ မထိုးခိုင်းပါဘူး။ နောက်ပြီးတော့ ပြည်ခိုင်ဖြိုးကို ထောက်ခံတဲ့အိမ်တွေကိုပဲ ပြတယ်လို့ စုံးစမ်းသိရှိရပါတယ်”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဒေါက်တာစန်းရွှေက   BNI ရွေးကောက်ပွဲ သတင်းခန်း သို့ပြောသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...