ရခိုင်နှင့်မြန်မာသည် ဒင်္ဂါးတစ်ပြားတည်းဟု ဦးတင်ဦးပြော

ရခိုင်နှင့်မြန်မာသည် ဒင်္ဂါးတစ်ပြားတည်းဟု ဦးတင်ဦးပြော
စံမောင်သန်း — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးတင်ဦးသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မွန်းလွဲပိုင်းတွင်း ရောက်ရှိလာပြီး အာရီယာန်ခန်းမ၌ အောင်နိုင်ရေး ဟောပြောပွဲကို မွန်းလွဲ ၂ နာရီခွဲတွင် စတင်ကာ ရခိုင်နှင့် မြန်မာသည် ဒင်္ဂါးတစ်ပြားတည်းဟု ပြောဆိုသွားခဲ့သည်။

“ရခိုင်တွေဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေလာခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ ဒီနေ့ ခရီးစဉ်ဟာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ် တိုးတက်ရေးအတွက် ရည်စူးပြီးတော့ လာခဲ့တဲ့ခရီးစဉ် ဖြစ်ပါတယ်”ဟု ဦးတင်ဦးကပြောသည်။

ယခုကျင်းမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်ပါသလား ဆိုသည့် ပရိသတ်၏ အမေးကို ဦးတင်ဦးက အောက်ပါအတိုင်းဖြေကြားသွားခဲ့သည်။

“ယခုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ လုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်။ အရွေးမခံပဲ တပ်မတော်က ၂၅ ရာခိုင်နှုန်းပါ၀င်နေတယ်။ ၄၃၆ ဥပဒေကြောင့် တဘက်သက်လုပ်သွားနိုင်တယ်။ တရားမျှတမှုရှိမရှိကို ခန့်မှန်းကြည့်နိုင်ပါတယ်”ဟု ဆိုသည်။

ယင်းအပြင် ဦးတင်ဦးက ယခင်ပါလီမန် ဒီမိုကရေစီခေတ်က ရွေးကောက်ပွဲအတွက် ကော်မရှင်အဖွဲ့များ ဖွဲ့စည်းရာ၌ မဲစာရင်းစိစစ်ရန် ကော်မရှင်တစ်ဖွဲ့၊ ရွေးကောက်ပွဲကျင်းပရေးအတွက် တစ်ဖွဲ့၊ စိစစ်ရေးအတွက် သီးသန့်ဖွဲ့စည်းထားပြီး အားလုံးဆက်စပ် လုပ်ဆောင်ခဲ့ကြကြောင်း၊ ယခု ၂၀၁၅ ရွေးကောက်ပွဲအတွက် ကော်မရှင်ဖွဲ့စည်းရာ၌ ကော်မရှင်တစ်ခုတည်းက အရာအားလုံးကို တာဝန်ယူဆောင်ရွက်နေသည့်အတွက် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်နိုင်မည်လား စဉ်းစားကြည့်ကြပါဟု ပြောကြားသွားသည်။

ဟာသလူရွှန်တော် ဗေလုဝနှင့် မေတ္တာတို့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀ိုင်းရံရခြင်းနှင့် ပတ်သက်၍ သူတို့အမြင်များ ကို ပြောကြားခဲ့ကြည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူနဲ့ တသားတည်းကျတယ်။ အဂတိကင်းစင်တယ်။ ပါတီပေါင်း ၉၀ ကျော် ၀င်ပြိုင်ကြတဲ့အထဲမှာ အစိုးရကို ကျကျနနဖွဲ့နိုင်မယ့် ပါတီဖြစ်တဲ့အတွက် ၀ိုင်းရံတာဖြစ်ပါတယ်”ဟု ဗေလုုဝ  ကပြောသည်။

အဆိုပါ အခမ်းအနားတွင် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့များကို ကိုယ်စားပြုပြီး အရွေးခံမည့် ကိုယ်စားလှယ်များနှင့်လည်း မိတ်ဆက်ခဲ့သည်။

အခမ်းအနားသို့ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...