ပေါက်တောမြို့နယ် ကိုယ်စားလှယ်လောင်းတစ်ဦး အမှတ်တံဆိပ် ပြောင်းလဲသတ်မှတ်ခံရ

ပေါက်တောမြို့နယ် ကိုယ်စားလှယ်လောင်းတစ်ဦး အမှတ်တံဆိပ် ပြောင်းလဲသတ်မှတ်ခံရ
စံမောင်သန်း - ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်အရွေးခံမည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးစောထွန်းစိန်၏ Logo အမှတ်တံဆိပ် ပြောင်းလဲသတ်မှတ် ခံလိုက်ရသည် ဟု ဦးစောထွန်းစိန်က  BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

“မဲဆွယ်စည်းရုံးစဉ်ကာလက သိန်းငှက်အမှတ်တံဆိပ် Logo နဲ့ မဲဆွယ်စည်းရေးလုပ်ပြီးခါမှ အခု ရွေးကောက်ပွဲကျင်း ပခါနီးမှ ပြောင်းလဲအသိအမှတ်ပြုခံရတဲ့ Logo က ကျွန်တော် ဓါတ်ပုံနဲ့ဖြစ်နေ ပါတယ်။ ကျွန်တော့်ကို ထောက်ခံတဲ့လူတွေ ကသိန်းငှက်တံဆိပ်ကိုပဲ သိကြတာ။ အခု ဓါတ်ပုံနဲ့ တွဲပြီးပါလာတော့နားလည်မှုလွဲသွားနိုင်ပါတယ်။ ကျေးရွာတွေမှာကစာမတတ်တဲ့ လူတွေလည်း ရှိနေသေးတာကိုး”ဟု ဦးစောထွန်းစိန်က BNI သတင်းခန်းသို့ပြောသည်။

ယင်းသို့ အလွဲအမှားဖြစ်ပေါ်ရခြင်းနှင့် ပတ်သက်၍ ဦးစောထွန်းစိန်က ပြောကြားရာတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းစဉ်အခါက ခရိုင်ကော်မရှင် ဥက္ကဋ္ဌကိုအမှတ်တံဆိပ် အတွက် မိမိဓါတ်ပုံကို ပေးခဲ့သော်လည်း ဓါတ်ပုံ၊ အမှတ်တံဆိပ်ကို နေပြည်တော်က လက်မခံဟု ခရိုင်အတွင်းရေးမှူးက အကြောင်းကြားလာ၍ သိန်းငှက် အမှတ်တံဆိပ်ကို သတ်မှတ်ပေးရန် ပြောင်းလဲတောင်းဆိုခဲ့သည်ဟုသူကဆိုသည်။

စက်တင်ဘာလ ၄ ရက်၌ ခရိုင်ကော်မရှင်က ပေါက်တောမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းထုတ်ပြန်ရာတွင် ဦးစောထွန်းစိန်အတွက် သိန်းငှက်တံဆိပ်ဖြင့်သာ ထုတ်ပြန်ခဲ့ရာ သိန်းငှက်အမှတ်တံဆိပ်ကို အသုံးပြု၍ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

မိမိအမှတ်တံဆိပ်မှာ ဓါတ်ပုံဖြစ်သည်ဆိုသည်ကို ကော်မရှင်ထံမှ တရားဝင်အသိပေး၍ သိရခြင်းမျိုး မဟုတ်ဘဲ ကြိုတင်မဲပေးခဲ့သူများ ပြောပြချက်အရသာ အောက်တိုဘာလ ၂၉ ရက်က သိရခြင်းဖြစ် သည်ဟုသူကဆက်ပြောသည်။

“အောက်တိုဘာလ ၂၉ ရက်နေ့က ကျွန်တော်ရဲ့အမှတ်တံဆိပ်မှာ မိမိဓါတ်ပုံဖြစ်နေတယ်လို့ သိရတဲ့အတွက်  မဲစာရွက်တွေကို စိစစ်ကြည့်ချင်တယ်ဆိုပြီးတော့ မြို့နယ်ကော်မရှင်ရုံးမှာ အောက်တိုဘာလ ၃၀ ရက်နေ့က သွားကြည့်တဲ့အခါကျမှ မိမိရဲ့ အမှတ်တံဆိပ်ဟာ သိန်းငှက်အစား မိမိရဲ့ဓါတ်ပုံဖြစ်နေတယ်ဆိုတာကို တရားဝင်သိရတာဖြစ်ပါတယ်။ ဒါကို ခရိုင်ကော်မရှင်ရုံးကို အကြောင်းကြားထားပါတယ်”ဟု ဦးစောထွန်းစိန်ကပြောသည်။

ရွေးကောက်ပွဲအတွက် မဲလက်မှတ်များကို အောက်တိုဘာလ ၄ ရက်ကတည်းက ပေါက်တောမြို့သို့ ပို့ထားပြီဖြစ်ကြောင်း သိရသည်။

“ဟုတ်တယ် ပထမ သူတင်လိုက်တာက လူပုံနဲ့တင်လိုက်တာလို့ ပြောတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကလူပုံတဲ့တင်လို့ မရဘူးလို့စည်းကမ်းချက်ရှိတယ်ပြောတယ်။ အဲ့ဒီလိုမျိုးဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က သိန်းငှက်နဲ့တင်ပေးလိုက်တယ်။ တင်ပေးလိုက်တာ ပဲ ကျွန်တော်တို့လည်း၊ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်က မဲလက်မှတ်တွေလည်း ထွက်လာရော သူ့လူပုံစံကြီးနဲ့ ဖြစ်နေတယ်”ဟု ရခိုင်ပြည်နယ် စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇော်လင်းထက်က
BNI သတင်းခန်းသို့ အတည်ပြုပြောကြားသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...