တောင်ကြီး တန်ဆောင်တိုင် ရိုးရာပွဲတော်ကို ပြန်လည်ကျင်းပမည်

တောင်ကြီး တန်ဆောင်တိုင် ရိုးရာပွဲတော်ကို ပြန်လည်ကျင်းပမည်

သျှမ်းပြည် တောင်ကြီးမြို့တွင် နာမည်ကြီး တန်ဆောင်တိုင်ရိုးရာပွဲ (မီးပုံးပျံပွဲတော်) ကို ယခု ၂၀၂၃ ခုနှစ်အတွင်း ပြန်လည်စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကိုဗစ် - ၁၉ ကူးစက်မှုရောဂါ ဖြစ်ပွားချိန်မှစပြီး ၃ နှစ်ကြာ ရပ်နားခဲ့ရသည့် တောင်ကြီး တန်ဆောင်တိုင် ရိုးရာပွဲ (မီးပုံးပျံပွဲတော်) ကို ယခု ၂၀၂၃ ခုနှစ်အတွင်း နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ ပြန်လည် ကျင်းပသွားရန် ရည်ရွယ်ထားကြောင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းမှ လုပ်ငန်းကော်မတီ ပြန်ကြားရေး တာ ဝန်ခံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနှစ် တန်ဆောင်တိုင်ပွဲ ပြန်လည်ကျင်းပသွားမယ်လို့ အပေါ်ကနေ အစည်းအဝေး ထိုင်ပြီးတော့မှ ထုတ်ထားတာ ဗျ။ ကျနော်တို့က အခုမှ ကြေညာထားတယ်ဆိုတော့ မှီပါသေးတယ်။ တကယ်တမ်း ပွဲကျင်းပတာက နိုဝင်ဘာလ မှစပြီး ကျင်းပတာဗျ။ ဒီနှစ်တန်ဆောင်မုန်းလပြည့်က ၂၇ ရက်နေ့မှဆိုတော့ နိုဝင်ဘာလ နောက်ဆုံးပတ် လောက် မှပေါ့ ပွဲတော်ကျင်းပသွားမယ်“ ဟု ပြောသည်။

အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ရိုးရာပွဲ (မီးပုံးပျံပွဲတော်) ကို ယခုကဲ့သို့ ပြန်လည် ကျင်းပလာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရိုးရာ အမွေအနှစ်ကို ပြန်လည်ထိန်းထိမ်းသည့်အနေဖြင့် အစဉ်အလာမပြတ် ပြန်လည်ကျင်းပ သွားရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ခေတ်ကာလ အခြေအနေ မကောင်းသည့်အချိန်၌ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ရိုးရာပွဲ (မီးပုံးပျံ ပွဲတော်) ကို ပြန်လည်စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း နှင့် ပတ်သက်၍  ဒေသခံများက ဝေဖန်နေကြ သည်။

“ပျော်စရာ ကောင်းနေတဲ့ အချိန်အခါမှ မဟုတ်တာ။ အခု ဒုက္ခကြုံတွေ့ ခံနေရတဲ့သူတွေ ကိုယ်ချင်းစာ စေချင် တယ်။ တချို့တွေ မိသားစု ထမင်းဝိုင်း မစုံတော့ နေစရာ အိမ်မရှိကြတော့အချိန် ပျော်ရမယ်ဆိုတာ မဖြစ်သင့်ပါ ဘူးဗျာ“ ဟု တောင်ကြီးမြို့ ဒေသခံ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ယမန်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် တောင်ကြီး တန်ဆောင်တိုင်ရိုးရာပွဲ (မီးပုံးပျံပွဲတော်) ကို စစ်ကောင်စီမှ ဦးစီးပြီး ပြုလုပ်ခဲ့ကာ ပွဲစည်ကားဖို့အတွက် တစ်ဦးကို ကျပ်ငွေ (၅,၀၀၀) ကျပ်မှ (၂၀,၀၀၀) ကျပ် အထိ ဈေးတင်ပေးပြီး လူငှားခေါ်ခဲ့ကြသည်။

သျှမ်းပြည်တောင်ပိုင်း ရိုးရာ မီးပုံးပျံပညာရှင်များအသင်းမှ ကြေညာထားချက်အရ ယခုနှစ် တန်ဆောင်တိုင် ပွဲတော်အတွင်း ညမီးကြီး မီးပုံးပျံ၊ စိန်နားပန် မီးပုံးပျံ နှင့် နေ့လွှတ်အရုပ် ခြေ (၂) ချောင်း ခြေ (၄) ချောင်း အရုပ် များကို လွတ်တင်သွားမည် ဖြစ်သလို ပွဲတော်၏ အစီစဉ် အသေးစိတ်ကိုလည်း ပွဲရက်ကာလ အနီးရောက်လျှင် တဖန် ကြေညာသွားခြင်း ဖြစ်သည်။

April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...