ဒေသခံ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ဆိုင်းဘုတ်များ စစ်ကောင်စီက ဖျက်ဆီး

ဒေသခံ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ဆိုင်းဘုတ်များ စစ်ကောင်စီက ဖျက်ဆီး

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ဒေသခံများမှ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ရွာဆိုင်းဘုတ်များ၊ ရွာလမ်းညွှန်ဆိုင်းဘုတ်များကို စစ်ကောင်စီက စစ်အင်အားဖြင့် လာရောက်ဖျက်ဆီးသွားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် လားရှိုးမြို့နယ်ရှိ နောင်ယွမ်းကျေးရွာ၊ ကောင်းခါးကျေးရွာ၊ တောင့်တလောင် ကျေးရွာ နှင့် ဟိုပိတ်ကျေးရွာအုပ်စုရှိ ရွာသစ်ကျေးရွာတို့မှ တအာင်းစာပါ ရွာအဝင်ဆိုင်းဘုတ်များ၊ ရွာလမ်းညွှန် များကို စစ်ကောင်စီက လာရောက်ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြော သည်။

“လက်နက်အားကိုး နဲ့ တစ်ဖက်သတ် အနိုင်ကျင့်နေတာ။ ကိုယ့်နေရာ ကိုယ့်ဒေသ အတွက်ရေးတဲ့ ဆိုင်းဘုတ်၊ ရွာလမ်းညွှန်တွေကို ကိုယ့်တအာင်းစာ နဲ့ ရေးတာ သူတို့က လာဖျက်စီးနေတာ။ လားရှိုးမြို့နယ်ထဲမှာတင် ရွာ ၅ ရွာက ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတယ်၊ အသစ်တွေ လုပ်ထားတာတွေချည်းပဲ” ဟု ဖြစ်စဥ်ကို သိရှိသည့် တအာင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တအာင်းစာ ပါသည့် ဆိုင်းဘုတ်များ၊ ရွာလမ်းညွှန် ဆိုင်းဘုတ်များကို စစ်ကောင်စီတပ်ဖွဲ့က ကားနှစ်စီးဖြင့် လူ အင်အား၊ စစ်အင်အားဖြင့်အတူ တူရွင်း၊ သံချောင်း  နှင့် တခြား လက်နက်ပစ္စည်းများ အသုံးပြုကာ ဖျက်ဆီးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် တောင်နောင်ကျေးရွာမှ ဆောက်ပြီးလက်စ ရွာအဝင်ဆိုင်းဘုတ်ကို ဘူဒိုဇာကားဖြင့် စစ်ကောင်စီ တပ်ဖွဲ့ လာရောက် ဖြိုခွဲခြင်းဖြစ်ကြောင်း ဒေသခံများက ဆက်ပြောသည်။

ဖြိုဖျက်ခံရသည့် တအာင်းစာပါ ရွာအဝင်ဆိုင်းဘုတ်များသည် လောလောလတ်လတ် အသစ်စက်စက် ဆောက် လုပ်ပြီးစီးသည့် ဆိုင်းဘုတ်များဖြစ်ကြပြီး တစ်ခုလျှင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ နီးပါး ရှိနေကြောင်း ဒေသခံ များက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ရွာသားတွေ တစ်အိမ်နည်းနည်းစီ စုပြီး ဆောက်လုပ်ထားတာတွေပါ။ အခုလို ဖျက်ဆီးခံရတော့ စိတ်မကောင်းဘူးပေါ့၊ ရွာအဝင်ဆိုင်းဘုတ်တွေ၊ လမ်းညွှန်တွေကို ပြန်ဆောက်ပေးစေချင်ပါတယ်၊ သူတို့ပိုက်ဆံ နဲ့ သူတို့ လုပ်ပေးပြီး သူတို့စာရေးလည်း ရတယ်၊ အဓိက ကတော့ ဆိုင်းဘုတ်တွေ ပြန်ဆောက်ပေးစေချင်တယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့တို့သည် ရွာဆိုင်းဘုတ်များကို ဖျက်ဆီးသည့် အပြင် ရွာလူကြီးများကိုပါ စခန်းသို့ ခေါ်သွားပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ယူနီဖောင်း နဲ့ လက်နက်နဲ့ ရွာလူကြီးကို ခေါ်ပြီးတော့ ခံဝန်လက်မှတ်ရေးထိုးထားတယ်။ နောက်ခါဆိုရင် တအာင်းစာ နဲ့ ဆိုင်းဘုတ်တွေ၊ ရွာလမ်းညွှန်တွေကို မမြင်ချင်ဘူးတဲ့၊ ရေးချင်ရင် သူတို့စာ (မြန်မာစာ) နဲ့ပဲ ရေးရမယ်တဲ့၊ ရွာလူကြီးတွေ အားလုံးနီးပါး ခံဝန်ထိုးထားရတယ်” ဟု အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာအဝင်ဆိုင်းဘုတ် နှင့် လမ်းညွှန်ဆိုင်းဘုတ်ပါ စာတန်းများအားလုံးကို မြန်မာစာဖြင့်သာ ရေးသားရမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

Most read this week

February 17, 2026
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်...
February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...