ဖားကန့်မှာ ထောက်ပို့ယာဉ်တန်းဝင်လာတဲ့လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားထိခိုက်မှုရှိခဲ့

ဖားကန့်မှာ ထောက်ပို့ယာဉ်တန်းဝင်လာတဲ့လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားထိခိုက်မှုရှိခဲ့

နော်ထွယ့်(ဟူးကောင့်) — တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းပို့ဆောင်ပေးတဲ့ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့ လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုတွေရှိခဲ့ပြီး အရပ်သားပြည်သူတစ်ချို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ကားမိုင်းလမ်းပိုင်းကနေတက်လာတဲ့ ထောက်ပို့ယာဉ်တွေဟာ ဖားကန့်မြို့အဝင်လုံးခင်းယမ်းချက်စက်ရုံကနေ တစ်ဆင့် ယာဉ်တန်းတစ်ချို့ကို တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ဦးတည်ပြီး တက်လာတာကြောင့် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“လုံးခင်းအုပ်စု မှော်ဆီစာမိန်းလမ်းမကြီးမှာ နေ့ခင်း ၁ နာရီလောက် မိုင်းသုံးလုံးကွဲတယ်။ တစ်လုံးကတော့ လုံးခင်းကနေ မှော်ဆီစာအဝင်မှာကွဲတယ်။ အဲ့မှာ ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသမီးနှစ်ဦးထိသွားတယ်။ ဒဏ်ပြင်းထန်တယ်လို့ပြောလို့ရတယ်။ နောက်ထပ် မှော်ဆီစာ Sky Hotel မျက်စောင်းထိုးမှာရှိတဲ့ လမ်းမကြီးပေါ်မှာလည်း အဲ့မှာက နှစ်လုံး ရှေ့ဆင့်နောက်ဆင့်ကွဲသွားတယ်။ အရပ်သားကားတစ်စီးထိသွားတယ်။ ကားထိတဲ့နေရာမှာပဲ ဆိုင်ကယ်တစ်စီးလည်းထိသွားတယ် လူကဒဏ်ရာရသွားတယ်”လို့ ပြောပါတယ်။

မနေ့က တစ်ရက်ထဲ လုံးခင်းအုပ်စု မှော်ဆီစာကျေးရွာတစ်လျှောက်မှာ မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပထမဖြစ်စဉ်မှာ ဆန်းကြွယ်ကျေးရွာက သားအမိနှစ်ဦးထိခိုက်ခဲ့ရပြီး နောက်ထပ်တစ်ဦးက ဆိုင်ကယ်စီးနင်းတဲ့ ဆိုင်းတောင်ကျေးရွာက အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

စစ်ယာဉ်တန်းတွေဝင်ရောက်လာချိန် လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် မိနစ် ၄၀ ခန့်အကြာမှာ စစ်တပ်က လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မရှီကထောင်ရပ်ကွက် အနောက်ဘက်ခြမ်း ထုံးဘို ဆုတောင်းကုန်းဘက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆက်ပြီး ဆိုပါတယ်။

“စစ်တပ်က လေကြောင်းတိုက်ခိုက်သွားပြီးနောက် တိုက်ပွဲပြန်ပြီးပြင်းထန်ပါတယ်။ မနက်ပိုင်းကမဖြစ်ဘူး လေယာဉ်လာပြီးနောက် ပြန်ပြင်းထန်လာတာ။ ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်တဲ့နေရာမှာ ပြန်ပြီးလာပစ်တာ။ အခုချိန်အထိတော့ ပစ်လိုက်နားလိုက်နဲ့ ဖြစ်နေကြတာ”လို့ ပြောပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် ဒီကနေ့ အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

နှစ်ပတ်ခန့်ကြာမြင့်လာတဲ့ ဖားကန့်တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ကြောင်းမထိုးနိုင်ဘဲ လက်နက်ခဲယမ်းတင်တဲ့ စစ်ယာဉ်တန်းတွေ ဝင်ရောက်လာသလို လေကြောင်းအကူနဲ့ တိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။

စစ်တပ်ဘက်က လေကြောင်းအပါ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် မရှီကထောင်ကျေးရွာနဲ့ ထိစပ်တဲ့ ကျေးရွာနေပြည်သူတွေ ရာနဲ့ချီစစ်ဘေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

တိုက်ပွဲဧရိယာနဲ့ ထိစပ်တဲ့ ပြည်သူတစ်ချို့က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကာလာကြာမြင့်လာနိုင်တဲ့အတွက် နမ္မတီး၊ မိုးကောင်း၊ မြစ်ကြီးနားစတဲ့မြို့ပေါ်ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာလည်း မရှီကထောင်စစ်ဘေးရှောင် အိမ်ထောင်စု ၆၀ ခန့်က မြစ်ကြီးနားမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ တာဝန်ရှိသူတွေဆီကနေ ဆက်သိရပါတယ်။

ဖားကန့်မှာ စစ်တပ်က ဖော်ဆောင်နေတဲ့ စစ်ရေးဗျူဟာအရ စစ်တပ်က လက်လွတ်ထားရပြီး ဆိုင်းတောင်း၊ ဂွေခါစတဲ့ ဖားကန့်မြို့အတွက် အရေးပါတဲ့ ကျေးရွာနေရာတွေသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဖော်ဆောင်နေတာဖြစ်ပြီး မရှီကထောင်အနောက်ဘက်ခြမ်းရှိ ဆုတောင်ကုန်းနေရာကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလကုန်းပိုင်းကနေ တိုက်ပွဲပြင်းထန်နေတဲ့ဖားကန့်တိုက်ပွဲမှာ နှစ်ဖက်တပ် အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှု၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေကြောင့် အရပ်သား၊ ထိခိုက်သေဆုံးသူ စုစုပေါင်း ၂၀ ကျော်ခန့်ရှိလာပြီလို့ ဖားကန့်လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

February 10, 2026
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း အင်းတော်ကြီးဒေသရှိ လမ်းပိုင်းတစ်ချို့ကို...
February 9, 2026
ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ...
February 6, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး ရရှိမှု တစ်ရက်ထက်တစ်ရက် ပိုလျော့နည်းလာတယ်လို့...
Photo-မြစ်ကြီးနား၊ ပူတာအိုကားလမ်းပိုင်း
February 5, 2026
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ ကုန်ကားကြီး...