ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ ပြည်သူစိုက်ထားတဲ့ ဘိန်းစိုက်ခင်းတစ်ခင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗျူဟာ ၄ ကနေ သွားရောက်ဖျက်ဆီးခဲ့တဲ့အပေါ် လူထုအကြား ဝေဖန်ပြောဆိုမှုတွေများနေပါတယ်။
လူထုတွေအနေနဲ့ ဘိန်းစိုက်ပျိုးခွင့် မပြုတဲ့နေရာမှာ ဘိန်းစိုက်ခဲ့တာကြောင့် ဒေသန္တာရအမိန့်ကို ကျော်လွန်ပြီး မလေးစားတဲ့ အခြေအနေမျိုးဖြစ်ပေါ်လာတာကနေ စိုက်ခင်းကို ဖျက်ဆီးခဲ့ရတာလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
“အမှန်က ဒီဒေသန္တာရ အမိန့်က စိုက်ပျိုးခွင့်မပြုထားဘူးလေနော်။ အဲ့တာ ကျော်လွန်ပြီး လုပ်တယ်လို့ပဲ မှတ်ချက်ပြုလို့ရတယ်လေနော်။ အဲ့တာကို KNDF တပ်ရင်းကနေ ဝင်ရောက်ဖျက်စီးတာပါပေါ့။ တချို့ကိစ္စတွေတော့ တအားကြီး ပေါ်ပေါ် တင်တင်မလုပ်ဖို့အတွက် စိုက်နေကြ တောင်သူတွေ စိုက်နေကြ ဧရိယာ လောက်တော့ နားလည်ပေးလို့တောရတယ်လေးနော်။ တချို့ဟာက တအားကို ဂရုမစိုက်တဲ့ ပုံစံဖြစ်တယ်လေနော်။ ဒါလည်း မြင်လို့မကောင်း ကြည့်လို့မကောင်းတဲ့ဟာလည်း ဖြစ်တယ်လေးနော်။ ဒေသန္တာရ အမိန့်ကိုလည်း မလေးစားရာရောက်တယ်လေးနော် အဲ့လောက်ပဲ မှတ်ချက်ပြုလိုပါတယ်။ “ လို့ ဦးဗညားက ဆိုပါတယ်။
ဘိန်းစိုက်ပျိုးမှုဟာ ဒေသအတွင်း တော်လှန်ရေး ပုံရိပ်ကို ကျဆင်းစေသလို လူထုအတွက် အဓိကအန္တရာယ်ဖြစ်စေတဲ့ အရာဖြစ်ပြီး၊ လူငယ်တွေအကြား မူးယစ်ဆေးကြောင့် မလိုလားအပ် တဲ့ပြဿာနာတွေ၊ ပြစ်မှုတွေ၊ လူသတ်မှုတွေ ထိပါ ဖြစ်လာစေတယ်လို့ KNDF ဗျူဟာ ၄ရဲ့ ဗျူဟာမှူးက ပြောဆိုထားပါတယ်။
သွားရောက်ဖျက်စီးခဲ့တဲ့ KNDF ဗျူဟာ ၄ တပ်ဖွဲ့ကလည်း စိုက်ခင်းပိုင်ရှင်နဲ့ ပြေပြေလည်လည် အရင် ပြောဆိုရှင်းပြခဲ့ကြောင်းကိုလည်း KNDF ဗျူဟာ ၄ရဲ့ ဗျူဟာမှူးက အခုလိုပြောပါတယ်။
“ကျနော်တို့တာဝန်ရှိတဲ့ သူတယောက်အနေနဲ့လည်း ဒီဘိန်းစိုက်တဲ့ပိုင်ရှင်နဲ့ ကျနော်တို့ သေသေချာချာရှင်းပြပြီးမှ ဒီလို၊ ဒီကဲ့သို့ရှိပါတယ်။ လက်ခံလား၊ လက်မခံဘူးလားဆိုတဲ့ ဟာကအစပေါ့နော် ။ ကျနော်တို့ကျေကျေ လည်လည်၊ ပြေပြေ လည်လည်နဲ့ တွေ့ဆုံပြီးမှ စကားပြောပြီးမှသာလျှင် ကျနော်တို့ ပြီးမှသာလျှင် ကျနော်တို့ကသွားရောက်ပြီးမှ ဖျက်ရခြင်းဖြစ်တယ်ပေါ့နော်။ တခါတည်းနဲ့ ကျတော်တို့က လာတိုင်တာများလို့ ကျနော်တို့တခါ ချက်ချင်း လူအင်အားသုံးပြီးမှ လက်နက် အင်အားသုံးပြီးမှယူနီဖောင်းဝတ်ပြီးမှ သွားရောက်ပြီးမှဖျက်စီးတဲ့ လုပ်ရပ်မျိုးမဟုတ်ဘူးဆိုတာကလည်းပြောပြချင်တာပေါ့။” လို့ KNDF ဗျူဟာ ၄ရဲ့ ဗျူဟာမှူးက ဆိုပါတယ်။
အခုလို ဘိန်းခင်းဖျက်စီးခံရတဲ့ ဘိန်းစိုက်ခင်း ပိုင်ရှင်ဟာ တခြားဒေသက လာရောက်နေထိုင်သူဖြစ်ပြီး အခြားလုပ်ငန်းနဲ့ အဆင်မပြေတာကြောင့် နယ်ခံတွေကို မေးမြန်းပြီး ဘိန်းစိုက်ပျိုးခဲ့ကြောင့်ကိုလည်း စိုက်ခင်းပိုင်ရှင်နဲ့ နီးစပ်သူထံကနေ သိရပါတယ်။
လာမည့်နှစ်တွေမှာတော့ တာဝန်ရှိတဲ့ KSP တွေနဲ့ ပူးပေါင်းပြီး ဘိန်းစိုက်ပျိုးမှုမရှိတော့အောင် ဆောင်ရွက်သွားမယ်လို့ KNDF ဗျူဟာ ၄ရဲ့ ဗျူဟာမှူးက ဖြည့်စွက်ပြောဆိုထားပါတယ်။
“ဒီဟာဖျက်လိုက်တာကလည်း ဒါ အားလုံးအတွတ် ဒါပထမဆုံးနဲ့ နောက်ဆုံး ကျနော်တို့ သတိပေးခြင်းဖြစ်ပါတယ်ပေါ့နော်။ အခုန ပြောသလိုမျိုးဘဲ စစ်ရေးအခြေနေကြောင့် ကျနော်တို့က ဒီဟာတွေ ထဲထဲဝင်ဝင်လိုက်ပြီးမှ မကိုင်တွယ်လိုက်နိုင်ခဲ့ဘူးပေါ့နော်။ လာမယ့်နှစ်ကျရင်တော့ ကျနော်တို့ ရာသီရောက်တာနဲ့စိုက်ပျိုးရမယ့်အချိန်ရောက်တာနဲ့ ကျနောတို့က သေချာတယ် တာဝန်ရှိတဲ့ ပြည်ထဲရေး၊ KSPတို့အားလုံး ပေါ့နော် ကျနော်တို့နဲ့သေချာတိုင်ပင်ပြီးချိတ်ဆက်ပြီးမှဒီဟာတွေ မစိုက်ဖို့ ကျနော်အစကတည်းက တားမြစ်မှာ လုပ်ဆောင်မှာဖြစ်ပါတယ်ဆိုတာကိုလည်းပြောပြချင်ပါတယ် ပေါ့နော်။”လို့ သူကဆိုပါတယ်။
ကရင်နီပြည်ဟာ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ တနှစ်အတွင်း ဘိန်းစိုက်ဧရိယာ ၂၁ ရာခိုင်နှုန်း မြင့်တက်လာပြီး ဧကပေါင်း ၂၆၉ ကျော် တိုးများလာကြောင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့က ကုလမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ထုတ်ပြန်ချက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။
ဓါတ်ပုံ - Moe Nyo (Facebook)







