ဝေဖန်မှုများ မြင့်တက်ပြီးနောက် NGO များသွားလာကူညီခွင့်ကို စစ်ကောင်စီမှ ပြန်လည် ခွင့်ပြု

ဝေဖန်မှုများ မြင့်တက်ပြီးနောက် NGO များသွားလာကူညီခွင့်ကို စစ်ကောင်စီမှ ပြန်လည် ခွင့်ပြု

ဖျက်အားပြင်း မိုခါ ဆိုင်ကလုန် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်မှ လေဘေးသင့်ပြည်သူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနေသည့် ပြည်တွင်း ပြည်ပအဖွဲ့များ၏ သွားလာ ကူညီခွင့်ကို စစ်ကောင်စီမှ ပိတ်ပင် တားမြစ်ခဲ့သည့်အတွက် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် NGO အဖွဲ့များကို ပြည်နယ်စစ်ကောင်စီမှ ပြန်လည်ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်ကောင်စီ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လက်မှတ်ထိုးပြီးထုတ်ပြန်လာသည့် ထုတ်ပြန် ချက်အထဲတွင် “ရခိုင်ပြည် အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်လျှက်ရှိသော လိပ်မူပါ NGO အဖွဲ့ များ၏ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်များအား ယခင် ခွင့်ပြုထားရှိသည့် ခွင့်ပြုစာအတိုင်း လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုကြောင်း အကြောင်းကြားပါသည်” ဟု ရေးသားထားသည်။

ဇွန်လ ၇ ရက်နေ့က စာထုတ်ပြီး ဇွန်လ ၈ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်တွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ပြည်တွင်းပြည်ပအဖွဲ့ အစည်းများသွားလာခွင့်ကို အကြောင်းပြချက် မရှိဘဲ စစ်ကောင်စီမှ ရုတ်တရက် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ထုတ်ပြန်ပြီးနောက် ဝေဖန်မှုများ မြင့်တက်လာသည့်အတွက် ဇွန်လ ၁၁ ရက်နေ့တွင် NGO အဖွဲ့များကို ပြည်နယ်စစ်ကောင်စီမှ ပြန်လည်ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီမှ အကူအညီပေးရေးအဖွဲ့စည်းများ သွားလာခွင့်ကို ပိတ်ပင်ခဲ့သည့်အပေါ်  ရခိုင်လူမှု အဖွဲ့အစည်း တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မကြာသေးမီက နိရဉ္စရာကို ယခုကဲ့သို့ ဝေဖန်ပြောဆိုခဲ့သည်။

“နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပအလှူရှင်တွေကို သွားလာခွင့်ပိတ်ပင် ကန့်သတ်ရင် သူတို့အနေနဲ့ ပြည့်ပြည့်၀၀ လုပ်ပေးနိုင်မလားဆိုတော့ မဟုတ်ပြန်ဘူး။ သူတို့ပေးတဲ့အကူအညီလောက်နဲ့ အခု လေဘေးဒုက္ခသည်တွေ ထမင်းတောင် မစားရတာ အများကြီးပါ။”

NGO အဖွဲ့အစည်းများမှာ အစိုးရမဟုတ်သည့်အတွက် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး လုပ်လျှင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များကို အသိပေးရမည် ဖြစ်ပြီး ကယ်ဆယ်ရေးပစ္စည်းများပေးရာတွင် အချို့ နှစ်ကြိမ် ၃ ကြိမ် ရပြီး အချို့က တစ်ကြိမ်တစ်ခါသာရနေလျှင် အစိုးရကို လက်ညိုး ထိုးမည်ဖြစ်သည့် အတွက် NGO အဖွဲ့များ အလှူပေးမည်ဆိုလျှင် သက်ဆိုင်ရာ အာဏာပိုင်များကို သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုသည် ဟု ရခိုင်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ယမန်နေ့က သူ့၏ လူမှုကွန်ရက် စာမျက် နှာတွင် ရေးသားခဲ့သည်။

စစ်ကောင်စီက အကူအညီပေးရေးအဖွဲ့များ သွားလာခွင့်ကို ပိတ်ပင်ခဲ့သည့်အတွက် လေဘေးသင့်ပြည်သူများနှင့် စစ်ဘေးရှောင်များမှာလည်း စားသောက်နေထိုင်ရေးအတွက် စိုးရိမ်မှုများ မြင့်တက်ခဲ့ကြသည်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ရုံး OCHA ကလည်း မိုးရာသီ ကို ကျရောက်တော့မည့်အချိန်တွင် မလုပ်သင့်ကြောင်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ထဲ တွင် ရေးသားဖော်ပြခဲ့သည်။

July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...
July 8, 2026
ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ...