ကရင်နီပြည်မှာ မေလထဲ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၀၀) ရှိခဲ့

ကရင်နီပြည်မှာ မေလထဲ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၀၀) ရှိခဲ့

ကရင်နီပြည်မှာ မေလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ် ၁၀၀ ရှိခဲ့ပြီး ၎င်းထက်လည်း များနိုင်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) တာ၀န်ရှိသူတစ်ဦး က ပြောပါတယ်။

PKPF ကကောက်ယူထားတဲ့ အချက်အလက်အရ အာဏာသိမ်းကာလ တစ်လျှောက်လုံးမှာ ၂၀၂၃ မေလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေအများဆုံးရှိခဲ့တယ်လို့ (PKPF) တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

”မေလအများဆုံးရှိတယ်။ မေလမှာအများဆုံးဖြစ်ပြီးတော့ မတ်လမှာက ၉၈ ကြိမ်ရှိခဲ့တယ်ပေါ့နော်။ မတ်လက ဒုတိယအများဆုံးပေါ့။“

တိုက်ပွဲတွင်းမဟုတ်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၆ ဦး၊ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် ၁၈ နှစ်အောက် ကလေးငယ် ၂ ဦးပါ၀င်တယ်လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ စစ်ရှောင်ပြည်သူရှိရာနေရာ ၊ တော်လှန်ရေးရဲဘော်တွေရဲ့ စခန်းမှာ လေယာဥ်ဗုံးကျဲ ပြီး လက်နက်ကြီးတွေနဲ့ အမြဲ ပစ်ခတ်နေတာလို့ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

မေလလယ်မှာ လေကြောင်းသုံး ပစ်ခတ်မှုအကြိမ်ရေများလာတယ်လို့ သူက အခုလိုပြောပါတယ်။

”တွေ့ရသလောက်ဆိုရင်တော့ မေလရဲ့လလယ် အကုန်နားလေးမှာပေါ့ အဲ့မှာတော့တော်တော်လေး တောက် လျှောက်တွေ့နေရတယ်။ အများအားဖြင့်လာတဲ့ချိန်က ည ၁၂နာရီနောက်ပိုင်း မနက် ၅နာရီအထိပေါ့ အဲဒီချိန်။ အိပ်တဲ့ချိန်မှာတော်တော်လေးတော့ ပိုသွားတာတော့တွေ့ရတယ်ပေါ့နော်“

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဘာသာရေးအဆောက်အအုံ ၂ လုံး၊ လူနေအိမ် ၆၂ လုံး ပျက်စီးခဲ့ရ တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းစ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ မေလ အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၄၆၃) ကြိမ်ရှိခဲ့တယ်လို့ PKPF ကထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်မှာ ယနေ့ထိတိုက်ပွဲပြင်းထန်လျက်ရှိနေပြီး လူဦးရေ ၃သိန်း၀န်းကျင်ရှိသည့်အနက် ၂သိန်း ကျော်ခန့် စစ်ရှောင်နေရဆဲ ဖြစ်ပါတယ်။

Most read this week

August 4, 2026
စက်သုံးဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခြင်းကြောင့် စပါးရိတ်သိမ်းရာသီတွင်...
August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...