အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှ ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းသို့ ဘိလပ်မြေ တန်ချိန် ၃ ထောင်တင်ဆောင်လျက် ကုန်သင်္ဘော စတင်စမ်းသပ်ပြေးဆွဲတော့မည်ဟု သိရသည်။
အဆိုပါစမ်းသပ်ပြေးဆွဲမှုကို ယခုဧပြီလအတွင်း ပြုလုပ်သွားမည်ဟု ကာလကတ္တားဆိပ်ကမ်း Syama Prasad Mookerjee ဘက်က ဧပြီ ၄ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း အိန္ဒိယနိုင်ငံရှိသတင်းများတွင် ဖော်ပြနေကြသည်။
စစ်တွေရှိ အိန္ဒိယကောင်စစ်ဝန်ရုံးမှ အရာရှိတစ်ဦးကလည်း ယင်းသတင်းမှာ မှန်ကန်သည် နိရဥ္စရာကို အတည်ပြုသည်။
“စမ်းသပ်ပြေးဆွဲတော့မှာ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက သင်္ကြန်ကာလဖြစ်နေတော့ နောက် တစ်ပတ်၊ နှစ်ပတ်လောက်တော့ ကြာနိုင်ဦးမယ်။ ဖြစ်နိုင်တာကတော့ မေလအတွင်း ဖြစ်ဖို့များပါတယ်”ဟု ပြောသည်။
စစ်တွေဆိပ်ကမ်းသည် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်စည်များ တိုက်ရိုက်ကူးသန်းနိုင်မည့် ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းတွင်ပါဝင်ပြီး ၂ဝဝ၉ ခုနှစ်မှစတင်ကာ အိန္ဒိယနိုင်ငံအစိုးရ၏ ကုန်ကျငွေများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တည်ဆောက်မှုလုပ်ငန်းများအားလုံး ပြီးစီးသွားပြီဖြစ်၍ နိုင်ငံတကာဆိပ်ကမ်းအဖြစ် တိုးမြှင့်ပြီး ဖွင့်ပွဲအခမ်းအနားကို မကြာမီပြုလုပ်နိုင်ရန်လည်း စစ်ကောင်စီက စီစဉ်လျက်ရှိသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ၂ဝ၁၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး အိန္ဒိယမှ အမေရိကန် ဒေါ်လာသန်း (၅၀၀) ခန့်ရင်းနှီးမြှုပ်နှံထားသည်ဟု သိရသည်။
စစ်တွေမှ ပလက်ဝအထိ ရေကြောင်းမှ ကုန်ပစ္စည်းများကို ပို့ဆောင်ရန်နှင့် ပလက်ဝမှတဆင့် မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မီဇူရမ်ပြည်နယ်သို့ ကုန်းလမ်းဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ရန် ဖြစ်သည်။
ရေကြောင်းမှ ကုန်ပစ္စည်းများပို့ဆောင်နိုင်ရန် စစ်တွေမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင် ဆိပ်ကမ်းတစ်ခုစီကို တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။
လက်ရှိတွင် မီဇိုရမ်ပြည်နယ်၊ လွမ့်တလိုင်း (Lawngtlai) ခရိုင်မှ မြန်မာနယ်စပ်အထိ ၁၁၇ ကီလိုမီတာ အရှည်ရှိသော နှစ်လမ်းသွား ကားလမ်းကိုလည်း ဖောက်လုပ်နေပြီဟု အိန္ဒိယအခြေစိုက် NDTV သတင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလက ထုတ်လွှင့်သွားခဲ့သည်။
အဆိုပါကားလမ်းဖောက်လုပ်ပြီးစီးရန် အချိန်အနည်းငယ်ကြာဦးမည်ဖြစ်ပြီး ယင်းကားလမ်း ဖောက်လုပ်ပြီးစီးပါက ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို စတင် အသုံးပြုနိုင်တော့မည်ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်ကလည်း စစ်တွေဆိပ်ကမ်းမှတဆင့် ဆန်တန်ချိန် ၂၆ဝဝ ကျော်ကို ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။







