ဖက်ဒရယ်ပြည်ထောင်စုအတွက် EAOs အားလုံးပါဝင်နိုင်ရေး ဖော်ဆောင်ရန် NUCC ကို ANC တိုက်တွန်း

ဖက်ဒရယ်ပြည်ထောင်စုအတွက် EAOs အားလုံးပါဝင်နိုင်ရေး ဖော်ဆောင်ရန် NUCC ကို ANC တိုက်တွန်း

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည့်အရေးတွင် ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ အားလုံးပါဝင်နိုင်မည့် အခင်းအကျင်းသစ်များအား ဖော်ဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)ကို ရခိုင်ပြည် အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA)က တိုက်တွန်းလိုက်သည်။

ယနေ့ကျရောက်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC)၏ (၂)နှစ်ပြည့် အခမ်းအနားအားပေးပို့သည့် ANC ၏ သဝဏ်လွှာတွင် ယင်းသို့တိုက်တွန်းထားခြင်းဖြစ်သည်။

အဆိုပါ ပဋိညာဉ်သည် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် တိုင်းပြည်၏အာဏာကို စစ်အုပ်စုမှ သိမ်းယူခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတချို့ ပါဝင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာ့တော်လှန်ရေးသမိုင်းတွင် အရေးပါသည့် စာချုပ်တစ်ခုဖြစ်ကြောင်း ANC က ဆိုသည်။

“အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး လိုလားသည့် အနာဂတ် ပြည်ထောင်စု ပုံသဏ္ဍာန်အား ပိုမိုတိကျပေါ်လွင်အောင် ပြင်ဆင်ရေးသားပြီး လက်တွေ့အရလည်း ကိုယ်စားပြုမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် စည်းနှောင်မှု ပိုမိုအားကောင်းစွာနဲ့ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် သဘောတရားနှင့် လုပ်ငန်းလမ်းညွှန်ကို ချမှတ်ပေးနိုင်မည်”ဟု ANC က ဆိုသည်။

ယနေ့တွင် NUCC က ဦးဆောင်ပြီး Online မှတဆင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တာဝန်ရှိသူများ၊ ဒီမိုကရေစီ အင်အားစုအဖွဲ့အစည်း ခေါင်းဆောင်များက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂)နှစ်ပြည့် အခမ်းအနားတစ်ခု ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် NUG အစိုးရက နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုကြီးမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ အခြေခံမူကို ဗဟိုပြုပြီး တိုက်ပွဲဆင်နွှဲနေကြသော်လည်း လက်ရှိတွင် ဖက်ဒရယ်ပဋိညာဉ်ပါ အခြေခံမူကို လက်တွေ့ကျကျကျင့်သုံးရန် အခက်အခဲများရှိနေသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကပြောသည်။

“ကျနော်တို့ဟာ အားလုံးပါဝင်မှု မူကို ကိုင်စွဲထားသလို စွန့်စားခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြုထားပါတယ်။ ဒီနေရာမှာ လက်တွေ့ကျကျ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာကိုလည်း သတိပြုဖို့လိုပါတယ်။ ဒါပေမယ့် ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို စနစ်တကျ ဆွေးနွေးအတည်ပြု ပြဌာန်းလိုက်တာဟာ အောင်မြင်ခြင်းတစ်ရပ်ဖြစ်ပါတယ်လို့ ပြောနိုင်ပါတယ်”ဟု ဒူဝါလရှီးလကပြောသည်။

ထို့အပြင် ဒူဝါလရှီးလက “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ ကမ္မဝါစာအဖြစ် အသုံးချ တိုက်ပွဲဝင်ကြပါလိမ့်မယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဟာ တော်လှန်ရေးအင်အားစုအားလုံး သဘောတူထားတဲ့ နိုင်ငံရေး သဘောတူညီချက်တစ်ခုဖြစ်သလို အနာဂတ် နိုင်ငံတော်သစ်ရဲ့ လမ်းစဉ်မူဝါဒတွေ ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်”ဟု ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ရေးခဲ့သည့် NUCC တွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ နိုင်ငံရေးပါတီများ၊ ကြားကာလ ပြည်နယ်ဖက်ဒရယ်ယူနစ် ကိုယ်စားပြုကော်မတီများ၊ လူနည်းစုဆိုင်ရာအဖွဲအစည်းများနှင့် အရပ်ဖက်အဖွဲအစည်းများစသည့် အဖွဲ့များ ပါဝင်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...