ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး၊ ၉ ဦး ဒဏ်ရာရ

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး၊ ၉ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတို့မှ ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မတ်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

မတ်လ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီကျော်အချိန်ခန့်က စစ်ကောင်စီ အမတ-၃၁၄ တပ်ရင်းမှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ နယ်မြေ သထုံမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စုထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ တောင်ကလေးကျေးရွာအတွင်း လူနေအိမ် ၁ လုံးပေါ်ကျရောက် ပေါက်ကွဲခဲ့သည်။

နေအိမ်ပေါ် လက်နက်ကြီးကျည်ကျကွဲမှုကြောင့် နေအိမ်ပျက်စီးသွားသည့်အပြင် အသက် ၇၅ နှစ်ရှိ ဒေါ်မသောင်း၊ အသက် ၄၀ နှစ်ရှိ ဒေါ်နောပျို၊ အသက် ၁၄ နှစ်ရှိ ညီညီဇော်၊ အသက် ၅ နှစ်ရှိ ချစ်မိုးအောင်၊ အသက် ၅ နှစ်ရှိ ချစ်မိုးသူနှင့် အသက် ၁၄ နှစ်ရှိ နော်စံပယ်ဖြူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်က စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ အမှတ် ၂ ခြေလျင်တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် မဲရုံလေးကျေးရွာအနီး ကျရောက်ပေါက်ကွဲကာ အသက် ၂၂ နှစ်အရွယ် မောင်သာချောင် (ခ)မောင်ဇော်ထက်အောင်နှင့်

အသက် ၂၄ နှစ်အရွယ် စောနောင်ဦးတို့ ၂ ဦး သေဆုံးပြီး အသက် ၄၆ နှစ်အရွယ် ဦးဝင်းဌေး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဆိုသည်။

အလားတူ မတ်လ ၂၆ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်ကလည်း ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မဲရုံလေးကျေးရွာအနီး ဥယျာဉ်ခြံတွင် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၆ နှစ်အရွယ် ခြံစောင့် ဦးကျော်မင်းဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

၎င်းပြင် မတ်လ ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အာလူးကျေးရွာအုပ်စုထဲ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“စစ်ကောင်စီတပ် လက်နက်ကြီး ညတိုင်းဘဲပစ်နေတယ်။ သိမ်ဇရပ်ဘက်ကလဲ ပစ်တယ်။ ကျိုက်ထိုကလဲ ပစ်တယ်။ မုပ္ပလင်ကလဲပစ်တယ်။ ပတ်ပတ်လည်ပစ်နေလို့ ညဘက် ရွာထဲ မအိပ်ရဲဘူး။ ရွာထဲဘဲပစ်နေတော့ ရှောင်အိပ်နေရတယ် အခုဆို နေ့ဘက်တွေလဲပစ်နေကြတယ်” ဟု အင်္ဂဘိုဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူတို့က ကျီးလန့်စာ စားနေရသလိုပဲ စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ-၆၀၂၊ အမတ - ၃၁၄ နှင့် အမတ-၃၁၀ တပ်ရင်းတို့မှ ကျိုက်ထိုမြို့နယ် ကျေးရွာအုပ်စု ၇ ခုအတွင်းရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသည်ဟု ဆိုထားသည်။

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၃၈၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်တာဝန်ရှိသူတို့ထံမှ သိရသည်။

Most read this week

Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...