ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး၊ ၉ ဦး ဒဏ်ရာရ

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး၊ ၉ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတို့မှ ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မတ်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

မတ်လ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီကျော်အချိန်ခန့်က စစ်ကောင်စီ အမတ-၃၁၄ တပ်ရင်းမှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ နယ်မြေ သထုံမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စုထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ တောင်ကလေးကျေးရွာအတွင်း လူနေအိမ် ၁ လုံးပေါ်ကျရောက် ပေါက်ကွဲခဲ့သည်။

နေအိမ်ပေါ် လက်နက်ကြီးကျည်ကျကွဲမှုကြောင့် နေအိမ်ပျက်စီးသွားသည့်အပြင် အသက် ၇၅ နှစ်ရှိ ဒေါ်မသောင်း၊ အသက် ၄၀ နှစ်ရှိ ဒေါ်နောပျို၊ အသက် ၁၄ နှစ်ရှိ ညီညီဇော်၊ အသက် ၅ နှစ်ရှိ ချစ်မိုးအောင်၊ အသက် ၅ နှစ်ရှိ ချစ်မိုးသူနှင့် အသက် ၁၄ နှစ်ရှိ နော်စံပယ်ဖြူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်က စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ အမှတ် ၂ ခြေလျင်တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် မဲရုံလေးကျေးရွာအနီး ကျရောက်ပေါက်ကွဲကာ အသက် ၂၂ နှစ်အရွယ် မောင်သာချောင် (ခ)မောင်ဇော်ထက်အောင်နှင့်

အသက် ၂၄ နှစ်အရွယ် စောနောင်ဦးတို့ ၂ ဦး သေဆုံးပြီး အသက် ၄၆ နှစ်အရွယ် ဦးဝင်းဌေး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဆိုသည်။

အလားတူ မတ်လ ၂၆ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်ကလည်း ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မဲရုံလေးကျေးရွာအနီး ဥယျာဉ်ခြံတွင် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၆ နှစ်အရွယ် ခြံစောင့် ဦးကျော်မင်းဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

၎င်းပြင် မတ်လ ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အာလူးကျေးရွာအုပ်စုထဲ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“စစ်ကောင်စီတပ် လက်နက်ကြီး ညတိုင်းဘဲပစ်နေတယ်။ သိမ်ဇရပ်ဘက်ကလဲ ပစ်တယ်။ ကျိုက်ထိုကလဲ ပစ်တယ်။ မုပ္ပလင်ကလဲပစ်တယ်။ ပတ်ပတ်လည်ပစ်နေလို့ ညဘက် ရွာထဲ မအိပ်ရဲဘူး။ ရွာထဲဘဲပစ်နေတော့ ရှောင်အိပ်နေရတယ် အခုဆို နေ့ဘက်တွေလဲပစ်နေကြတယ်” ဟု အင်္ဂဘိုဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူတို့က ကျီးလန့်စာ စားနေရသလိုပဲ စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ-၆၀၂၊ အမတ - ၃၁၄ နှင့် အမတ-၃၁၀ တပ်ရင်းတို့မှ ကျိုက်ထိုမြို့နယ် ကျေးရွာအုပ်စု ၇ ခုအတွင်းရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသည်ဟု ဆိုထားသည်။

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၃၈၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်တာဝန်ရှိသူတို့ထံမှ သိရသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...