ပလက်ဝက နေရပ်ပြန်စစ်ရှောင်အချို့ စားဝတ်နေရေးအဆင်မပြေ၍ မြို့ပေါ်သို့ပြန်လာ

ပလက်ဝက နေရပ်ပြန်စစ်ရှောင်အချို့ စားဝတ်နေရေးအဆင်မပြေ၍ မြို့ပေါ်သို့ပြန်လာ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်အများအပြားမှာ ကျေးရွာ၌ လုပ်ကိုင်စားသောက်ရန် အဆင်မပြေမှုကြောင့် စားဝတ်နေရေးအခက်အခဲရှိလာ၍ ပလက်ဝမြို့ပေါ်သို့ ပြန်လာမှုများရှိလာနေကြောင်း သိရသည်။

အဘောင်သားကျေးရွာသားများမှာ တောင်ယာနှင့် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသော်လည်း လက်ရှိတွင် အချိန်နှောင်းသွားခြင်း၊ မိုင်းရှင်းလင်းပေးမှု မရှိခြင်းတို့ကြောင့် မိမိကျေးရွာ၌ လုပ်ကိုင်စားသောက်ရန် အခက်အခဲများရှိသည်ဟု အဆိုပါကျေးရွာသားများက ပြောသည်။

၎င်းကျေးရွာအနီးတွင် နှစ်ဘက်လက်နက်ကိုင်အဖွဲ့များရှိသဖြင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်၍ မြို့ပေါ်တွင် ကြုံရာကျပန်းလုပ်ကိုင်စားသောက်ပြီး နေထိုင်ရန် ပြန်လာကြခြင်းဖြစ်သည်ဟု အဘောင်သားကျေးရွာသားတစ်ဦးက ပြောသည်။

“အရင်နှစ်တွေကဆိုရင်လည်း တိုက်ပွဲဖြစ်လို့ ကိုယ်တို့သီးနှံတွေ မှည့်နေတာမြင်ရဲ့နဲ့ မခူးခဲ့ရတော့ နှမြောရင်း ရင်နာမိတယ်။ အဲတော့ တစ်ယောက်မှ တောင်ယာမလုပ်ဘူး။ အခုလည်း အဲလိုဖြစ်မှာစိုးရိမ်လို့ တောင်ယာမလုပ်ဘဲ မြို့ပေါ်မှာ အလုပ်လာလုပ်တာ”ဟု ၎င်းကဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲကြောင့် အဘောင်သားကျေးရွာမှ စစ်ဘေးရှောင်လာကြသည့် လူဦးရေ ၄၄၅ ဦးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီမှ နေရပ်ပြန်ပို့ပေးခဲ့သည်။ သို့သော် ကျေးရွာနှင့် အနီးအနားတွင် မိုင်းရှင်းလင်းပေးခြင်း မရှိသည့်အပြင် ထောက်ပံ့ကူညီမှုလည်း တစ်စုံတစ်ရာမရရှိခဲ့ကြောင်း အဘောင်သားကျေးရွာသားများကပြောသည်။

အဘောင်သားကျေးရွာတွင် အိမ်ထောင်စု ၁၁၈ စု ရှိသည့်အထဲ အိမ်ထောင်စု ၇၀ ကျော်မှာ ပလက်ဝမြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် လက်ရှိတွင် အဘောင်သားကျေးရွာ၌ အိမ်ထောင်စု ၃၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ပလက်ဝမြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာသည့် အဘောင်သားကျေးရွာသားများမှာ မြို့ပေါ်၌ ကြုံရာကျပန်း လုပ်ကိုင်ကာ အိမ်ငှားနေထိုင်ကြသလို အချို့မှာလည်း မြေပိုင်ရှင်များ၏ ခွင့်ပြုချက်ဖြင့် မြေလွတ်များတွင် တဲထိုးကာနေထိုင်ကြကြောင်း သိရသည်။

“သူတို့က တိုက်ပွဲမဖြစ်ဘူးပြောနေရင်လည်း ကျနော်တို့ မနေရဲဘူး။ ပလက်ဝလမ်းမှာ စစ်စခန်းတွေရှိတယ်။ တကယ်လို့ တိုက်ပွဲဖြစ်ရင် ကျနော်တို့မှာ ပြေးရမယ့်နေရာမရှိဘူး။ ပြီးရင် အိမ်တွေက ပျက်စီးနေပြီ။ ရွာမှာ နေရတာလည်း မအီမသာဖြစ်တာကြောင့် ပလက်ဝမြို့ပေါ်မှာ အိမ်ငှားခ တစ်လမှာ ၃ သောင်းပေးပြီး နေထိုင်နေတာပါ”ဟု မြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာသည့် အဘောင်သားရွာသားတစ်ဦးက ပြောသည်။

အဘောင်သားကျေးရွာ၌ ကျန်နေခဲ့သည့် မိသားစုများမှာလည်း ကျေးရွာအတွင်း အလုပ်အကိုင်များ အဆင်မပြေသဖြင့် အမျိုးသားများမှာ ပလက်ဝမြို့ပေါ်သို့ သွားရောက်ကာ ကြုံရာကျပန်းလုပ်ကိုင်နေသူများလည်း ရှိကြသည်။

“ရွာကလူတွေက ပလက်ဝမြို့ကို မှီခိုပြီး နေထိုင်နေကြရတာပါပဲ။ ကိုယ့်ရွာမှာက ဟင်းတွေ၊ ဘာတွေရှာဖို့ တောင်ပေါ်ကို သွားမရတော့ ဟင်းသီးဟင်းရွက်တွေကို ၃ ရက်စာပေါင်းပြီး မြို့ပေါ်မှာ သွားဝယ်ရတယ်။ မိသားစုများတဲ့သူတွေဆိုရင် မိန်းမတွေကို ရွာမှာထားပြီး ယောင်္ကျားတွေက မြို့ပေါ်မှာ ကျပန်းအလုပ် သွားလုပ်ကြတယ်”ဟု အဘောင်သားကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

အဘောင်သား‌ကျေးရွာမှ နေအိမ်များမှာ ပြိုကျပျက်စီးနေပြီး အချို့မှာ နေအိမ်ပြန်လည်ဆောက်လုပ်၍ နေထိုင်ကြသော်လည်း အချို့မှာ ငွေကြေးအခက်အခဲကြောင့် နေအိမ်ပြန်မဆောက်နိုင်သည်များလည်းရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့  တကျော့ပြန် တိုက်ပွဲရပ်တန့်ချိန်မှစ၍ စစ်ကောင်စီ၏အစီအစဉ်ဖြင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်ဦး‌ရေ ၆,၀၀၀ အထိ ရှိလာပြီဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...