ရေး စာရင်းစစ်ရုံး ရေးပျောက်ကြားအဖွဲ့ တိုက်ခိုက်

ရေး စာရင်းစစ်ရုံး ရေးပျောက်ကြားအဖွဲ့ တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ် စာရင်းစစ်ရုံးကို မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရေးမြို့ကာကွယ်ရေး အထူးတပ်ဖွဲ့ YSTF က ထုတ်ပြန်ထားသည်။ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်နှင့် သီရိနန္ဒာရပ်ကွက် အစပ်ကြားရှိ မြို့နယ်စာရင်းစစ်ရုံးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ၆၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံကြောင်း ထုတ်ပြန်ထားသည်။

ရေးမြို့ကာကွယ်ရေးအထူးတပ်ဖွဲ့ YSTF က “၆၀ မမ ဗုံးသီးနဲ့ ပြုလုပ်ထားတဲ့ Remote မိုင်းနဲ့ အနီးကပ်ပစ်ချ ဖောက်ခွဲခဲ့ပါတယ်။ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းဆဲ” ဟု ပြောသည်။

အဆိုပါ မြို့နယ်စာရင်းစစ်ရုံးသည် ရုံးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သော်လည်း ဝန်ထမ်းများ ဝင်ထွက်သွားလာ အလုပ်ရှုပ်နေသောကြောင့် ယခုကဲ့သို့ လျှပ်တစ်ပြက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန် ထားသည်။

စာရင်းစစ်ရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာများကို စစ်ကောင်စီတပ်ဖွဲ့များက လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးမှုလည်း လုပ်ဆောင်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ရေးမြို့ပေါ်က စစ်ကောင်စီ လက် အောက်ခံ လဝကရုံး အပါအဝင် ဌာနဆိုင်ရာရုံးများကို မကြာခဏ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်လေ့ရှိပြီး လူ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များကိုလည်း ဝင်ရောက်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ အရပ်သားဝန်းထမ်းနှင့် စစ်ကောင်စီ ထောက်တိုင်များ၊ စစ်ကောင်စီသတင်းပေး ဒလန် ဟု သတ်မှတ်ခံရသည့်သူများကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ရှေ့ဆက်၍လည်း စစ်ကောင်စီသတင်းပေး ဒလန်များ၊ စစ်ကောင်စီ ထောက်တိုင်များကို ပစ်ခတ်ရှင်းသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသလို အုပ်ချုပ်ရေးမှူးများထဲ CDM မပြုလုပ်သေးသာ ဝန်ထမ်း များ၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကိုလည်း စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြခြင်းမှ နှုတ်ထွက်ကြဖို့လည်း ထုတ်ပြန် သတိပေးထားသည်။

စစ်ရေးပြင်းထန်နေသည့် ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ည ၆ နာရီမှ နံနက် ၆ နာရီ အထိ အပြင်မထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ထားသည်။

September 8, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာရှိ လူနေအိမ်များကို စစ်အုပ်စုတပ်က...
September 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအနီး အဝတောင်-စနဲ လမ်းပိုင်းပေါ်သို့...
September 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် စစ်အုပ်စုတပ်က ယာဉ်ထိန်းရဲ၊...
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...