၁၆ ရက် သက်တမ်းရှိ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

၁၆ ရက် သက်တမ်းရှိ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ကျုံပျော်မြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ပြီးနောက် ၁၆ ရက်အကြာတွင် ရပ်ကျေးအုပ် ချုပ်ရေးမှူး အသစ်တစ်ဦး ပစ်သတ်ခံလိုက်ရသည်။

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူး အသစ်တစ်ဦးသည် စစ်ကောင်စီက ခန့်ထားပြီး နောက် ၁၆ ရက်အကြာတွင် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ “သူ့ရဲ့ အိမ်အနားမှာ ပစ်သတ်ခံရတာ။ အပစ်ခံရတဲ့ နေရာမှာ ပွဲချင်းပြီး သေသွားတယ်။ သေနတ်နဲ့ ပစ်တာ ၃ ချက် ၂ ချက်က ချက်ကောင်းကို မှန်ပြီး သေသွားတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။

မတ် ၆ ရက်နေ့က စစ်ကောင်စီမှ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားခဲ့သည့် ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးထွန်းစန်းဆိုသူမှာ မတ်လ ၂၃ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်စီး လူ ၃ ဦးက ပစ်သတ်သွားခြင်း ဖြစ်သည်။

အင်းဖျား ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးထွန်းစန်းသည် ရပ်/ကျေး ဥက္ကဋ္ဌ ဘောလုံးပြိုင်ပွဲမှ အပြန်၎င်း၏ နေအိမ် အနီးရှိ အလယ်တန်းကျောင်း အရှေ့တွင် ဆိုင်ကယ် စီးနင်းလာသောသူ သုံးဦးမှသေနတ်ဖြင့် ပစ်ခတ် သွားခြင်း ဖြစ်ပြီး ဝမ်းဗိုက်တွင် တစ်ချက်၊ ကျောကုန်းတွင် တစ်ချက် သေနတ်ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားသည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

အုပ်ချုပ်ရေးမှူးသစ် ဦးထွန်းစန်း ပစ်ခတ်ခံရပြီးနောက် နာရီပိုင်းအတွင်း စစ်တပ်နှင့် ရဲများရောက်ရှိလာသော် လည်း သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိခြင်းမရှိဘဲ လမ်းသွားလမ်းလာအချို့ နှင့် ဧည့်စာရင်း မတိုင်သူ အချို့ ကို ဖမ်းဆီးသွားသည်ဟု ကျုံပျော်မြို့ခံများက ပြောသည်။

ဦးထွန်းစန်းသည် စစ်ကောင်စီ အမာခံ သတင်းပေး တစ်ဦး ဖြစ်ပြီး ၎င်း၏ သတင်းပေးမှု ကြောင့် ဒေသတွင်းက စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သူများ ဖမ်းဆီးခံရပြီး အချို့မှာ ယနေ့အချိန်ထိ တိမ်းရှောင်ထွက်ပြေး နေကြရသည်။

လှေဆွဲရွာ ဒေသခံတစ်ဦးက “သူ(ဦးထွန်းစန်း) သတင်းပေးတာကြောင့် လှေဆွဲရွာနဲ့ ပတ်ဝန်းကျင် ရွာတွေ လူတွေ သေကြ ဒဏ်ရာတွေရကြ။ အဖမ်းခံရ ထွက်ပြေးရတာတွေ ဖြစ်ခဲ့ဖူးတယ်။ သူခပ်ဆိုးဆိုး လူဗျ” ဟု ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် ဦးထွန်းစန်းကို ကျုံပျော်မြို့ပြ ပြောက်ကျား တပ်ဖွဲ့ (KSTF) က နန်းထိုက် အောင် စစ်ဆင်ရေးအနေဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။ ဦးထွန်းစန်းသည် အုပ်ချုပ်ရေးမှူး မဖြစ်ခင်တွင် လှေဆွဲကျေးရွာတွင် PDF တပ်ဖွဲ့များ ရှိနေသည်ဟု သတင်းပေးခဲ့ သဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ဒုတိယပတ် အတွင်း လှေဆွဲကျေးရွာကို စစ်ကောင်စီတပ်များက အင်အား အလုံး အရင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ဒေသခံရွာသား ၄ ဦး သေဆုံးကာ လူဦးရေ အယောက် ၃၀ ကျော် အဖမ်းခံရပြီး လှေဆွဲကျေးရွာ အနီးပါတ်ဝန်းကျင်ရွာများမှ ဒေသခံ နှစ်ထောင်ကျော်ခန့်ကလည်း စစ်ဘေး တိမ်းရှောင်ခဲ့ကြရ သည်။

Most read this week

December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
ဓာတ်ပုံ - MYANMAR NATIONAL PORTAL
December 9, 2025
တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန်...
December 8, 2025
ကရင်နီပြည် ထိန်းချုပ်နယ်မြေ ကေးလျားမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်...