ဖားကန့်မြို့အတွင်း စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းသည် KIO ၏ဝင်ငွေအား ဖြတ်တောက်လိုခြင်းဖြစ်ကြာင်း ဗိုလ်မှူးကြီးနော်ဘူပြော

ဖားကန့်မြို့အတွင်း စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းသည် KIO ၏ဝင်ငွေအား ဖြတ်တောက်လိုခြင်းဖြစ်ကြာင်း ဗိုလ်မှူးကြီးနော်ဘူပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်း စစ်ကောင်စီကနေ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်နေပြီး စစ်ရေးအခြေအနေ တင်းမာနေတာဟာ စစ်ကောင်စီဘက်ကနေ KIOရဲ့ ဝင်ငွေကို ဖြတ်တောက်လိုတာကြောင့် ဖြစ်တယ်လို့ KIO/KIAပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုလိုက်ပါတယ်။

အခုလို စစ်ရေးတင်းမာနေတာဟာ စစ်ကောင်စီတပ်ကနေ ဖားကန့်ဒေသတစ်ခုလုံးကို ထိန်းချုပ်လိုတဲ့အပြင် ပြည်သူတွေကိုပါ ခြိမ်းခြောက်အရေးယူတာ ဖြစ်နိုင်တယ်လို့ KIO/KIAပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

"ဖားကန့်ဘက် စစ်ရေးအခြေအနေ တင်းမာနေတာက KIOရဲ့ ဝင်ငွေကို ဖြတ်တောက်ချင်တာ၊ ဖားကန့်ကို အကုန်လုံး ချုပ်ကိုင်လိုက်ချင်လို့ ပြည်သူတွေကိုပါ ခြိမ်းခြောက်ပြီး အရေးယူတာ ဖြစ်နိုင်တယ်လို့ သုံးသပ်မိတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူ ဆိုပါတယ်။

ဖားကန့် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရလည်း အရင်နှစ်ကထက် အခုနှစ်မှာ စစ်ကောင်စီတပ်ကနေ နယ်မြေစိုးမိုးမှု ပိုလုပ်လာကြတယ်လို့ သိရပါတယ်။

"မနှစ်တုန်းကဆိုရင် ဖားကန့်မှာ နယ်မြေစိုးမိုးမှု အဲဒီလောက်မလုပ်နိုင်ဘူး။ ဒီအတောအတွင်းမှာတော့ နယ်မြေစိုးမိုးမှု အရမ်းလုပ်လာတယ်။ စစ်ကြောင်းထိုးတယ်။ပြည်သူတွေကို ဖမ်းတယ်။ KIAဝန်ထမ်းတွေဖမ်းတယ်။ ဖားကန့်နေရာအနှံ့ စစ်တယ်။ မနှစ်က အဲဒီလို မဟုတ်ဘူး။ ဒီနှစ်ကတော့ စစ်ရေးလှုပ်ရှားတာတွေ အရမ်းလုပ်လာတယ်"လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၁၈)ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု၊ မျောက်ကုန်းရပ်ကွက်ဘက် KIA/PDFပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ကနေ လက်နက်ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ကျည်ထိမှန်ပြီး ပြည်သူ(၆)ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ (၂၇)ရက်နေ့ကလည်း ရှရော်ခကျေးရွာအုပ်စု၊ စပျစ်ခူးကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီးတဲ့နောက်ပိုင်း အနီးအနားမှာရှိတဲ့ ကုမ္ပဏီလုပ်သားတွေအပါ ပြည်သူ (၂၀၀)လောက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အထက်ပါ ဖမ်းဆီးခေါ်ဆောင်သူတွေကို ပြန်လွှတ်ပေးအပြီး မတ်လ(၂)ရက်နေ့လောက်မှာတော့ အင်အား(၃၀)လောက်ရှိတဲ့ စစ်သားတွေ ရှရော်ခကျေးရွာအနီး ထပ်မံမိုင်းဆွဲခံရပြီး ရွာအတွင်းက ဒေသခံ(၁၀၀)ကျော်လောက်ကို ဖမ်းဆီးသွားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် မတ်လ(၁၁)ရက်နေ့ကလည်း ဖားပြင်ကျေးရွာက ကချင်ရိုးရာယဉ်ကျေးမှုရုံးမှာ အစည်းအဝေးလုပ်နေတဲ့ KIAတပ်သားနဲ့ ပြည်သူ စုစုပေါင်း(၁၀)ယောက်ဝန်းကျင်ကိုလည်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တဲ့အပြင် မတ်လ(၁၅)ရက်နေ့ကလည်း မော်မောင်းလယန် ရပ်ကွက်နေ KIA ဒုတိုက်နယ်မှူးတစ်ဦးရဲ့ အိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်ထဲ ရှိနေတဲ့ လူ(၆)ဦးကို ဖမ်းဆီးခဲ့ပြီး ကွန်ပျူတာနဲ့ ကားတွေကို သိမ်းဆည်းသွားပါတယ်။

ဓါတ်ပုံအဟောင်းအသုံးပြုထားပါသည်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...