သီဟိုဠ်စေ့ စျေးကောင်းရ၍ သီဟိုဠ်စိုက်တောင်သူများ စားဝတ်နေရေးပြေလည်

သီဟိုဠ်စေ့ စျေးကောင်းရ၍ သီဟိုဠ်စိုက်တောင်သူများ စားဝတ်နေရေးပြေလည်

ကုန်စျေးနှုန်းများ တက်သည့်အချိန်တွင် သီဟိုဠ်စေ့ ဝယ်စျေးကောင်းသောကြောင့် ကရင်ပြည်နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် သီဟိုဠ်စိုက်ပျိုးနေကြသည့်တောင်သူများမှာ ယခုနှစ်တွင် စားဝတ်နေရေး ပြေလည်လာကြသည်ဟု တောင်သူများထံမှ သိရသည်။

ပိုင်ကျုံမြို့နယ်ရှိ သီဟိုဠ်စိုက်တောင်သူတစ်ဦးက “ဒီနှစ်ဆိုရင် ခြံက အသီးသီးတာများတယ်။ စျေးလည်းများတော့ ဆီ၊ ဆန်ဝယ်စားရတာ အဆင်ပြေတာပေါ့။ အပိုဝင်ငွေအဖြစ်နဲ့လည်း နည်းနည်း စုဆောင်းထားရတာပေါ့။ အခုလို ကုန်စျေးနှုန်းတက်နေတဲ့အချိန်မှာ သီဟိုဠ်စျေးလည်း တက်လာတော့ ကျနော်တို့အတွက် အဆင်ပြေတာပေါ့။ သီဟိုဠ်စိုက်ပြီး စီးပွားအဖြစ် လုပ်တာ အရှုံးမရှိပါဘူး။ ဒါပေမဲ့ စျေးက တစ်နှစ်နဲ့တစ်နှစ်မတူဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ပြည်နယ်အတွင်းရှိ ကျေးရွာများထဲတွင် သီဟိုဠ်စေ့အရောင်းအဝယ် လုပ်ကိုင်နေသည့်သူများမှ ယမန်နှစ်က သီဟိုဠ်စေ့ တစ်ပိဿာလျှင် တစ်ထောင့်ငါးရာ(၁၅၀၀)ကျပ်နှင့် နှစ်ထောင် (၂၀၀၀)ကျပ်အထိသာ ရောင်းစျေးပေါက်ခဲ့ကြပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် သုံးထောင့်ရှစ်ရာ(၃၈၀၀)ကျပ်မှ လေးထောင်(၄၀၀၀)ကျပ်အထိ ရရှိသွားသည်ဟု ဒေသအတွင်း သီဟိုဠ်တောင်သူများက ပြောဆိုသည်။

သီဟိုဠ်ပင်များကို မြန်မာပြည်အောက်ပိုင်းဒေသ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် စီးပွားဖြစ် စိုက်ပျိုးနေကြရာ အဝယ်ဒိုင်များက ဒေသထွက် သီဟိုဠ် စေ့များကို ပိဿာအလိုက်သော်လည်းကောင်း၊ ကီလိုချိန်အလိုက်သော်လည်းကောင်း စိုက်ပျိုးခြံများအထိ သွားရောက်ဝယ်ယူလျက်ရှိသည်။

ကရင်ပြည်နယ်မှာ သီဟိုဠ်အများဆုံး စိုက်ပျိုးသည့်ဒေသများအထဲတွင် ပါဝင်သော်လည်း အခြားအသီးအနှံများ၊ လယ်ယာကိုင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက သီဟိုဠ်စိုက် ပျိုးရေးလုပ်ကိုင်သူ နည်းပါးနေသေးကြောင်း ပြည်နယ်အတွင်း သီဟိုဠ်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ပြောဆိုသည်။

မြန်မာပြည်တွင်း စျေးကွက်ထဲတွင် သီဟိုဠ်စေ့အဆံများကို မုန့်ဖုတ်လုပ်ငန်းများတွင်လည်းကောင်း၊ အစားအသောက် ဟင်းလျာများထဲတွင်လည်းကောင်း ထည့်သွင်းချက်ပြုတ် စားသုံး လေ့ရှိကြသည့်အပြင် သီဟိုဠ်စေ့လှော်အဖြစ်လည်း ရောင်းချနေကြသူများ ရှိသည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...