ကရင်နီဒေသစစ်ဘေးရှောင်များ စိတ်ကျန်းမာရေးပံ့ပိုးမှုပေးရန် လိုအပ်ဟု BWU ပြော

ကရင်နီဒေသစစ်ဘေးရှောင်များ စိတ်ကျန်းမာရေးပံ့ပိုးမှုပေးရန် လိုအပ်ဟု BWU ပြော

ကရင်နီ(ကယားပြည်နယ်)ရှိ စစ်ဘေးရှောင်များသည် စိတ်ကျန်းမာရေးပံ့ပိုးမှုများပေးရန် လိုအပ်သည်ဟု ကရင်နီစစ်ရှောင်ပြည်သူများအား စိတ်ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုသင်တန်းများ လိုက်ပေးနေသည့် မြန်မာ့အမျိုးသမီးများသမဂ္ဂ(BWU)က  ပြောသည်။

ကရင်နီစစ်ရှောင်စခန်းများတွင် ယခုလ ဖေဖော်ဝါရီလအတွင်း စိတ်ကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု သင်တန်းများ ပြုလုပ်ပေးခဲ့ရာတွင် အမျိုးသမီးများသာမက ကလေးသူငယ်နှင့်အမျိုးသားများပါ စိတ်ပိုင်း ဆိုင်ရာထိခိုက်ခံစားရမှု အနည်းအများရှိကြောင်း BWU ၏ တွဲဖက်အတွင်းရေးမှူး(၂) မဖူးပွင့်သွယ်က ပြောသည်။

၎င်းက “အထူးသဖြင့် ကလေးတွေဆိုရင် ပုံဆွဲရင်တောင်မှ သေနတ်ပုံတွေဆွဲတာတို့၊ စစ်ရှောင်တမ်း ကစားတာတို့တွေ မသိမသာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိတာ တွေ့ရတယ်ပေါ့နော်။ လူကြီးတွေဆိုရင်လည်း ပြန်ပြီးတည်ဆောက်နိုင်ပေမယ့် စိတ်ထဲမှာတော့ ဒဏ်ရာတစ်ခုခုရှိနေတာမျိုးနဲ့ တဖြည်းဖြည်းကိုယ့်ကိုယ်ကို သတ်သေနိုင်တဲ့အခြေအနေတွေဘက်ကို ဦးတည်လာတာတွေ့ရတဲ့အတွက် စိတ်ကျန်းမာရေးပံ့ပိုးမှုတွေပေးဖို့ လိုအပ်တယ်ဆိုပြီး ကျမတို့စစ်ရှောင်စခန်းအထိသွားပြီး သင်တန်းပေးခဲ့တာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကရင်နီ(ကယားပြည်နယ်) လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့ပေါ်နှင့် အနီးတဝိုက်တွင် နေထိုင်သော မြို့နေဒေသခံများသည် ယခင်က နေထိုင်ရာအိမ်နှင့် အလုပ်အကိုင်ပုံမှန်ရှိနေသည့်အခြေအနေမှ ယခုလို အိုးအိမ်မဲ့၊ အလုပ်အကိုင်မဲ့ဖြစ်လာသည့် အနေအထားများကြောင့်အပြင် သေနတ်သံ၊ ဗုံးသံများကို လည်း ရက်ဆက်နီးပါးကြားနေရသည့်အတွက် စိတ်ပိုင်းဆိုင်ရာဖိစီးမှုရှိကြောင်း ကရင်နီလူ့အခွင့် အရေးအဖွဲ့(KnHRG)၏ ဒါရိုက်တာဦးဗညားက ယခုလို ပြောသည်။

“အမျိုးသမီးတစ်ယောက်ဆိုရင် အိမ်မီးလောင်ပြီး အမျိုးသားဆုံးရှုံးလိုက်ရတော့ ဆောက်တည်ရာ မရတာမျိုးတွေ့ရတယ်။ သားသမီးတွေရဲ့ စားဝတ်နေရေးအတွက်လည်း စိတ်ဖိစီးမှုတွေရှိတယ်၊ အလုပ်အကိုင် မရှိတဲ့အတွက် ခက်ခဲပြီးတော်တော်လေးရုန်းကန်ရတာပေါ့နော်။ ” ဟု ၎င်းက ပြောသည်။

ကရင်နီစစ်ရှောင်စခန်းများတွင် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုသင်တန်းများကို မြန်မာ့အမျိုး သမီးများသမဂ္ဂ -BWU၊ ကရင်နီအမျိုးသမီးအစည်းအရုံးနှင့် ကယန်းအမျိုးသမီးအဖွဲ့တို့ ချိတ်ဆက်လုပ် ဆောင်မှုများရှိသော်လည်း စစ်ရှောင်များအားလုံးဆီကို လက်လှမ်းမီရန် ခက်ခဲနေဆဲဖြစ်ကြောင်း ဦးဗညားက ဆက်ပြောသည်။

အလားတူ ကရင်နီစစ်ဘေးရှောင်အမျိုးသားတစ်ဦးကလည်း “ စစ်ကောင်စီဘက်ကနေ လက်နက်ကြီး နဲ့ဖြစ်ဖြစ်၊ လေယာဥ်နဲ့ဖြစ်ဖြစ် လာထုတဲ့အခါ ကြောက်လန့် တကြားဖြစ်ရတာပေါ့၊ တချိူ့ဆို ကြောက်ပြီးတော့ ငိုကြတာတွေရှိတယ်။ အမျိုးသမီးကြီးကြီး၊ ငယ်ငယ်ပဲ။ နှလုံးရောဂါရှိတဲ့သူဆိုပိုဆိုးတယ်။ အဲ့လိုစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ခွန်အားပေးတာ သင်တန်းပေးတာ ထိရောက်မှုတော့တွေ့ရတယ်။ တချို့ကိုကျတော့ ကျနော်တို့အချင်းချင်း သီချင်းလေးတွေနဲ့ခွန်အားပေးတာမျိုး လုပ်ပေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

BWU အနေဖြင့် ကရင်နီစစ်ရှောင်စခန်းများတွင် ဖေဖော်ဝါရီလအတွင်း စိတ်ကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုသင်တန်းများ၊ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာသင်တန်းများ (၆) ကြိမ်တိတိပြု လုပ်ခဲ့ပြီဖြစ်ပြီး ထိုသို့ ပြုလုပ်ပေးရာတွင် အမျိုးသမီးငယ်လေးများသာမက ၎င်းတို့၏မိသားစုများ ကိုယ်တိုင်ကလည်း စိတ်ပါဝင်စားမှုရှိ လာခြင်းနှင့် သင်တန်းတွင် လက်တွေ့အသုံးပြု၍ရသော အသုံးအဆောင် များပေးဝေခြင်းကြောင့် အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှုရှိခဲ့သည်ဟု အဖွဲ့၏ တွဲဖက်အတွင်း ရေးမှူး(၂)  မဖူးပွင့်သွယ်က ပြောသည်။

Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...