အင်ဒွမ်လတက်ပ်(N-DUM LATEP) ပတ်ဝန်းကျင်တွင် ရွှေတူးဖော်နေသူများအား (၁၀)ရက်အတွင်း ထွက်ခွာသွားရန် ဝန်ခံကတိ ထိုးခိုင်းထား

အင်ဒွမ်လတက်ပ်(N-DUM LATEP) ပတ်ဝန်းကျင်တွင် ရွှေတူးဖော်နေသူများအား (၁၀)ရက်အတွင်း ထွက်ခွာသွားရန် ဝန်ခံကတိ ထိုးခိုင်းထား

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းက ကချင်လူမျိုးအားလုံးနဲ့ဆိုင်ပြီး သမိုင်းအမွေအနှစ် နေရာတစ်ခု ဖြစ်တဲ့ အင်ဒွမ်လတက်ပ်(N-DUM LATEP) ပတ်ဝန်းကျင်မှာ ရွှေတူးဖော်နေသူတွေကို (၁၀)ရက်အတွင်း ထွက်ခွာသွားဖို့ ဝန်ခံကတိတွေ ထိုးခိုင်းထားတယ်လို့ သိရပါတယ်။

အထက်ပါနေရာမှာ ရွှေတူးနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်တာကို ကချင်ရိုးရာနဲ့ စာပေယဉ်ကျေးမှုအဖွဲ့ (ပူတာအို )ကနေ ဦးဆောင်ပြီး ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့နဲ့ (၁၆)ရက်တွေမှာ အင်အားပြမှုကို ပြုလုပ်ခဲ့တဲ့အပြင် ဒီဇင်ဘာလ(၂၆)ရက်နေ့မှာလည်း နောက်ထပ်တစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ရပ်နား သွားတာမျိုး မရှိတဲ့အတွက် အခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှာတော့ ရွှေတူးဖော်သူတွေကို ထွက်ခွာသွားဖို့ ခံဝန်လက်မှတ်တွေ ထိုးခိုင်းထားတယ်လို့ ဆိုပါတယ်။

သမိုင်းဝင်နေရာဖြစ်တာကြောင့် လုံး၀ကန့်ကွက်ကြောင်းနဲ့ ဘယ်လုပ်ငန်းရှင်ကိုမှ ရွှေတူးဖော်ခွင့် ပြုမှာမဟုတ်ဘူးလို့လည်း အင်အားပြရာမှာ ပါဝင်တဲ့သူတွေက ဆိုပါတယ်။

ပူတာအိုမြို့နယ် နေရာအနှံ့က ကချင်ပြည်သူလူထုတွေပါ ပူးပေါင်းပါဝင်ပြီး N-DUM LATEP ပတ်ဝန်းကျင်နေရာတွေမှာ ရွှေတူးဖော်မှုကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်စိုက်ထူတာတွေ၊ စာကပ်တာတွေကို ပြုလုပ်ခဲ့ပြီးနောက် အခုတစ်ကြိမ်မှာတော့ ရွှေတူးနေတဲ့ ဘက်ဟိုးတွေရဲ့သော့တွေ သိမ်းဆည်းတာ၊ ထွက်ခွာသွားဖို့ ခံဝန်ကတိထိုးခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ အင်အားပြရာမှာ ပါဝင်တဲ့ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ဟိုတစ်ခေါက် ဆန္ဒပြရင်လည်း သူတို့ဘာမှ အရေးတောင် မယူပေးကြဘူး။ ဆက်လုပ်နေကြတယ်။ (၁၈)ရက်နေ့က လူပိုများပြီး ဆန္ဒပြကြတာ။ လက်မှတ်တွေ ထိုးခိုင်း၊ ခံဝန်ကတိတွေ ထိုးခိုင်းတယ်။ ပြောင်းရွှေ့ပေးမယ် အချိန်နည်းနည်းပေးပါဆိုလို့ ကတိတွေယူပြီး ထိုးခိုင်းတာ”လို့ သူက ပြောပါတယ်။

အင်ဒွမ်လတက်ပ်(N-DUM LATEP) ပတ်ဝန်းကျင်နေရာတွေမှာ ရွှေတူးဖော်နေတဲ့ ရွှေဆိုင်း(၆)ခုလောက် ရှိပြီး ဘက်ဟိုး(၅)စီးနဲ့ လူအင်အား(၇၀)ဝန်းကျင်လောက် ရွှေတူးဖော်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ကချင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်ပြီး သမိုင်းဝင်နေရာဖြစ်တဲ့အတွက် ရွှေတူးဖော်မှုကို ကန့်ကွက် ရတာဖြစ်ပြီး လက်ရှိ အင်ဒွမ်လတက်ပ် ပတ်ဝန်းကျင်အနီးအနားတွေမှာပါ ရွှေတူးဖော်တာကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေကြတယ်လို့ အထက်ပါ ဒေသခံက ဆက်လက် ပြောပါတယ်။

“ကချင်လူမျိုးတွေရဲ့ သမိုင်းဝင်နေရာ အင်ဒွမ်လတပ်ဆိုတဲ့ ဘိုးဘေးစဉ်ဆက် နေလာတဲ့ နေရာဟုတ်တယ်။ ပတ်ဝန်းကျင်နေရာ အကုန်တူးနေပြီ။ မြေဆီလွှာအရမ်းကောင်းတဲ့ နေရာတွေမှာ တူးကုန်လို့ ကန့်ကွက်တာပေါ့။”လို့ သူက ပြောပါတယ်။

အစက အဲဒီနေရာမှာ ရွှေတူးဖော်နေတာဟာ ဦးခေါ်တားနဲ့ ဦးကျော်ဇင်မင်း (ကိုယ်စားလှယ်) ဆိုသူတို့ဖြစ်ပြီး လက်ရှိမှာတော့ အောက်ပိုင်းကနေ တက်လာတဲ့ လုပ်ငန်းရှင်အချို့တွေပါ ရှိနေပြီလို့ ဆိုပါတယ်။

ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရကိုလည်း ကန့်ကွက်စာကို တရားဝင် တင်သွင်းထားတယ်လို့လည်း သိရပါတယ်။

အဲဒီနေရာ ပတ်ဝန်းကျင်မှာ မနှစ်ကအောက်တိုဘာလကတည်းက ရွှေဝင်ရောက် တူးဖော်မှုတွေရှိခဲ့ပြီး ဒီနှစ်မှာတော့ ပိုမို ဆိုးရွာလာတာ ဖြစ်တဲ့အတွက် ပူတာအိုမြို့နယ်အတွင်းက သက်ဆိုင်ရာ ကျေးရွာ(၁၀)ခုကနေ လူအင်အား(၇၀)ကျော်လောက်ပါဝင်ပြီး ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှာ ဆက်လက် ကန့်ကွက်ကြောင်း အင်အားပြကြတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို ရွှေတူးဖော်တာကို ကန့်ကွက်ရတာဟာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အကြွေးမကျန်ရလေအောင်၊ သမိုင်းဝင်နေရာ မပျက်စီးဘဲ တည်တံ့နေအောင် တတ်နိုင်တဲ့ဘက်က ပါဝင်အင်အားပြတာ ဖြစ်တယ်လို့ ပူတာအို ဒေသခံအမျိုးသားတစ်ဦးကလည်း အခုလို ပြောပါတယ်။

“ ဒီမြေနေရာ ပျက်စီးသွားမှာကို အရမ်းဝမ်းနည်းတယ်။ မျိုးချစ်စိတ်၊ ပြည်ချစ် စိတ်နဲ့ မြေနေရာကို မပျက်စီးနိုင်ပါစေဆိုပြီး ဝမ်းနည်းတွေးပူပြီး လုပ်တာပေါ့။ အရမ်းခံစားနေကြတယ်။ မြင်နေရတာ အရမ်းစိတ်မကောင်း ဖြစ်တယ်။”လို့ ဒေသခံက ဆိုပါတယ်။

N-DUM LATEP ပတ်ဝန်းကျင်နေရာဟာ ပူတာအိုမြို့အရှေ့ဘက် မိုင်(၂၀) ခန့်ဝေးကွာတဲ့ အင်လွယ်ယန်ကျေးရွာရဲ့ အနီးအနားမှာရှိတဲ့ ရွာဟောင်းတစ်ခုဖြစ်ပြီး လန်းတောင်ကျေးရွာအုပ်စုမှာ ပါဝင်တယ်လို့လည်း သိရပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...