ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် တိုက်ပွဲရှောင်လူဦး‌ရေစာရင်းအား WFP ပြန်လည်စိစစ်နေ

ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် တိုက်ပွဲရှောင်လူဦး‌ရေစာရင်းအား WFP ပြန်လည်စိစစ်နေ
Photo by Embassy of Japan in Myanmar and Narinjara News
Photo by Embassy of Japan in Myanmar and Narinjara News

ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် လက်ရှိ ရှိနေသောစစ်ဘေးရှောင်ဦးရေစာရင်းကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) က ပြန်လည် စိစစ်နေကြောင်း သတင်းရရှိသည်။

ထိုသို့ စိစစ်နေကြောင်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က နိရဉ္စရာသတင်းဌာနကို အတည်ပြုပြောဆိုသည်။

“ကျွန်တော်တို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အခုလောလောဆယ်မှာ ရခိုင်ပြည်နယ် အလယ်ပိုင်း မြောက်ဦးမြို့နယ်ကစစ်ရှောင်စခန်းတွေအချို့ မှာနေထိုင်ကြတဲ့ တိုက်ပွဲရှောင်ဦးရေစာရင်း စိစစ်မှုကိုပြုလုပ်နေပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းတွေမှာ ကျွန်တော်တို့အခုလို စားနပ်ရိက္ခာ ထောက်ပံ့ပေးတာက ပထမဆုံးအကြိမ်ဖြစ်တာမို့ပါ။ အခုလိုမျိုး လူဦးရေစာရင်းကိုပြန်လည် စိစစ်တာကလည်း စစ်ရှောင်စခန်းမှာနေထိုင်နေတဲ့ တိုက်ပွဲရှောင်လူဦးရေ အရေအတွက် နဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို သိရအောင် စာရင်းပြုစုတာပါ။ ဒါမှလည်း ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့

အကူအညီတွေကို ထိထိမိမိ ပံ့ပိုးပေးနိုင်မှာပဲဖြစ်ပါတယ်” ဟု ပြောသည်။

နိရဉ္စရာသတင်းဌာနက ဖေဖော်ဝါရီ ၁၇ ရက်နေ့က “ကျောင်းတက်နေသူများနှင့် စခန်းပြင်ပ အလုပ်သွားလုပ်သူများကို WFP ထောက်ပံ့ငွေ မပေး၍ အခက်တွေ့ရဟုဆို”ဟု သတင်းကို ရေးသားဖော်ပြီးနောက် WFP  ဘက်က ယခုလို တုံ့ပြန် ပြောဆိုလာခြင်းဖြစ်သည်။ အဆိုပါ သတင်းကို ဤလင့်တွင် ဖတ်ရှုနိုင်ပါသည်။ https://burmese.narinjara.com/news/detail/63eef0d4f1ba40570938a7b5

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က “ လူထောင်ပေါင်းများစွာပါဝင်ပြီး အမြဲပြောင်းလဲ‌နေတဲ့အခြေ‌အနေမျိုးမှာ တိုက်ပွဲ‌ရှောင်တွေ ဘယ်လောက်များများ နေထိုင်လဲဆိုတာပြန်လည်စိစစ်ရတာဆိုတော့ အခုလိုစာရင်းပြုစုဖို့ ဆောင်ရွက်တဲ့ကနဦးအဆင့်မှာ လူဦး‌‌ရေ တစ်ချို့တစ်လေ မရည်ရွယ်ဘဲ ကျန်ခဲ့တာမျိုးက ဖြစ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် စခန်းအတွင်းမှာနေထိုင်တဲ့ သူအချို့က စစ်တမ်း လာကောက်တဲ့ အချိန်မှာ စျေးသွားနေတာ ဒါမှမဟုတ် ဆေးခန်းသွားလို့ စခန်းပြင်ပ ခဏရောက်နေတာမျိုး ဆိုရင် ကျန်ခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး နေရပ်မပြန်နိုင်ကြသေးလို့ WFP ရဲ့ကူညီမှုကို ခံစားခွင့်ရှိတဲ့သူတွေရဲ့ စာရင်းကို တိတိကျကျ ရရှိနိုင်ဖို့နဲ့ အမြဲစာရင်းမှန်နေအောင်ထားနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ အစွမ်းကုန် ဆောင်ရွက်နေပါတယ်။ အခုလိုတိုက်ပွဲရှောင်စာရင်းပြန်လည် စိစစ်တဲ့ လုပ်ငန်းစဥ်တစ်လျှောက်မှာ ပူးပေါင်းဆောင်ရွက်ပေးကြတဲ့ တိုက်ပွဲရှောင်တွေ၊ ရပ်ရွာလူထုနဲ့ အခြားသက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်”ဟု ပြောဆိုသည်။.

နိရဉ္စရာသတင်းဌာနက စစ်ဘေးရှောင်များကို မေးမြန်းပြီး သတင်းဖော်ပြရာတွင် “ ကမ္ဘာ့စားနပ် ရိက္ခာအစီစဉ် (WFP) က စစ်ဘေးရှောင်များကို ထောက်ပံ့ငွေ ပေးအပ်နေရာတွင်  စခန်းပြင်ပထွက်၍ ကျောင်းတက်နေသူများနှင့် အလုပ်လုပ်နေသူများကို မပေးခဲ့၍ အခက် တွေ့နေရကြောင်း၊  မြောက်ဦး မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP) က ထောက်ပံ့ငွေပေးခဲ့သော်လည်း စခန်းပြင်ထွက်၍ အလုပ် လုပ်ကိုင်နေသူများ နှင့် ပြင်ပတွင် ကျောင်းတက်နေသည့် ကျောင်းသားများကိုပါ ငွေကြေး ထောက်ပံ့မှုမရှိခဲ့၍ အခက်အခဲ ကြုံနေရကြောင်း ရေးသားဖော်ပြခဲ့သည်။  

လက်ရှိတွင် စစ်ဘေးရှောင်များ၏ စာရင်းကို WFP က ပြန်လည်စိစစ်နေပြီ ဖြစ်သဖြင့် စခန်းတွင်း အမှန်တကယ် နေထိုင်သူများကိုသာ စာရင်းပေးသွင်းသင့်ကြောင်း၊ အမှန်တကယ် နေရပ်စွန့်ခွာလာပြီး ဒုက္ခရောက်နေသူ စစ်ဘေးရှောင်များစာရင်းကို ပေးအပ်ရန် လိုအပ်ကြောင်းနှင့် နေရပ်ပြန်သွားသူများ ကို စခန်းစာရင်းအထဲက ဖယ်ထုတ်သင့်ကြောင်း၊ ထိုသို့မဟုတ်ပါက စခန်းတွင်း အမှန်နေထိုင်သူ စစ်ဘေးရှောင်များအား နိုင်ငံတကာက ကူညီထောက်ပံ့ရေးကို ထိခိုက်နိုင်ကြောင်း ရခိုင်လူမှုရေး လှုပ်ရှားနေသူ တစ်ဦးက ပြောကြားသည်။

WFP သို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ တိုက်ပွဲရှောင်များ အနေဖြင့် မိမိတို့ တစ်ဦးချင်း သို့မဟုတ် မိသားစုဝင်များကည ဝေဖန် အကြံပြုလိုလျှင်  WFP ဝန်ထမ်းများ ကို တိုက်ရိုက် စကားပြောတာပဲ ဖြစ်ဖြစ် အကူအညီပေးဖုန်းနံပါတ်များဖြစ်ကြသည့် ၀၉၄၀၈၈၁၁၀၅၅၊ ၀၉၄၀၈၈၁၁၆၆ နှင့် ၀၉၂၆၄၈၁၉၀၉၂ ဆက်သွယ်နိုင်ကြောင်း WFP တာဝန်ရှိသူများက ပြောကြားသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...