ကရင်တစ်မျိုးသားလုံး၏ မျက်နှာကိုထောက်ရှု၍ အချင်းချင်းတိုက်ခိုက်မှုများကို အမြန်ဆုံးအဆုံးသတ်ရန် IKO မေတ္တာရပ်ခံ

ကရင်တစ်မျိုးသားလုံး၏ မျက်နှာကိုထောက်ရှု၍ အချင်းချင်းတိုက်ခိုက်မှုများကို အမြန်ဆုံးအဆုံးသတ်ရန် IKO မေတ္တာရပ်ခံ

ကရင်တစ်မျိုးသားလုံး၏ မျက်နှာကိုထောက်ရှုသည့်အနေဖြင့် လက်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄ နယ်မြေတွင် ဖြစ်ပေါ်နေသည့် ကရင်လက်နက်ကိုင်အချင်းချင်းကြား တိုက်ခိုက်မှုကို အမြန်ဆုံး အဆုံးသတ်ပေးရန် နိုင်ငံတကာ ကရင်အဖွဲ့အစည်း- IKO က ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သဘောထားထုတ်ပြန်ကြေညာချက်ထုတ်ကာ မေတ္တာရပ်ခံလိုက်သည်။

ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်(တပ်မဟာ-၄)တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLAနှင့်  ကော်သူးလေအာမီ -KTLAတို့ ကရင်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားနေခြင်းကို ကြားသိရသောကြောင့် နိုင်ငံတ ကာရောက် ကရင်အဖွဲ့အစည်းအနေဖြင့် စိတ်မချမ်းမြေ့ရသည့်အတွက် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်း မှုဖြင့် ပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ပေးရန် သဘောထားထုတ်ပြန်မေတ္တာရပ်ခံခြင်းဖြစ်သည်ဟု IKOက ပြောသည်။

IKO ဒုဥက္ကဌ စောစန်းလွင်က “ အပြန်အလှန်တွေ့ဆုံဆွေးနွေးမှုရှိမယ်လို့ ကျနော်တို့ယုံကြည်တယ်။ တွေ့ဆုံဆွေး နွေးမှုအားနည်းနေသလား၊ တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံမှုမရှိတာလားတော့မသိဘူး။ သို့သော် တွေ့ဆုံနိုင် မယ်လို့ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူနဲ့တောင်မှ ထိုင်ပြီးတော့ စကားပြော နိုင်သေးတာပဲ။ ကိုယ့် ကရင်အချင်းချင်း ထိုင်ပြီး စကားပြောရနိုင်မယ်လို့ ယုံကြည်တယ်။ အကောင်းဆုံးအဖြေရမယ်လို့မျှော်လင့်တယ်” ဟု စောစန်းလွင်က ကေအိုင်စီသို့ပြောသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို ပြည်သူလူထုတစ်ရပ်လုံးမှ တော်လှန် တိုက်ပွဲဝင်နေကြသည့်အချိန်တွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းများကြား ယခုလို တိုက်ခိုက် နေကြခြင်းသည် မဖြစ်သင့်ကြောင်းလည်း IKOက ရှုမြင်သည်။

ထို့အပြင် ကရင်အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မည့်အစား ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူလူထုအိုးအိမ်နှင့် ကျေးရွာများကို မီးရှို့သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုဘက်သို့ သေနတ် ပြောင်းဝပြန်လှည့်ကြရန်ကိုလည်း IKO သဘောထားထုတ်ပြန်ကြေညာချက်တွင် တိုက်တွန်းထားသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်-ထီးခီးလမ်းတစ်လျှောက်တွင် KNLA တပ်မဟာ(၄)နှင့် KTLAတို့ ကြား ယခု ဖေဖော်ဝါရီလတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားလျက်ရှိရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း ရှိသည်ဟု သိရသည်။

လတ်တလော KNLA တပ်မဟာ(၄)နှင့် KTLAတပ်ဖွဲ့ဝင်ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံပြီး အမြန်ဆုံးဖြေရှင်းသွားရန် တနင်္သာရီတိုင်းဒေသကြီးရှိ ကရင်လူထုများက လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၇)ရက်နှင့် (၂၀)ရက်နေ့တွင် နှစ်ကြိမ်တိုင် ကြေညာချက်ထုတ်ကာ တောင်းဆိုထားသည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...