မလေးရှားသို့သွားမည့် မွတ်ဆလင် ၅၆ ဦး စစ်တွေတွင် ဖမ်းဆီးခံရ

မလေးရှားသို့သွားမည့် မွတ်ဆလင် ၅၆ ဦး စစ်တွေတွင် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊အောင်တိုင်ကျေးရွာတွင် မလေးရှားသို့သွားမည့် မွတ်ဆလင် ၅၆ ဦးသည် ယမန်နေ့က ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံရွာသားများက ပြောသည်။

အောင်တိုင်ကျေးရွာရှိ ဦးရွှေလှနှင့် ဦးမြင့်နိုင်ဆိုသူတို့၏နေအိမ်တစ်လုံးစီမှ ၂၈ ဦးစီကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ နေ့လယ် ၁ နာရီကျော်တွင် ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင်ရွာသားတစ်ဦးက နိရဥ္စရာကိုပြောသည်။

“လာဖမ်းတဲ့အချိန်မှာတော့ ရဲကား ၁ စီးပါတယ်။ နောက်ပြီး မှန်လုံကားလေးတွေ ပါတယ်။ သူတို့တွေကို မြို့ထဲကို သယ်သွားတာမြင်လိုက်တယ်။ ဘယ်လိုယူဆောင်သွားလဲတော့ မသိဘူး”ဟု ပြောသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂ဝ ဦးတို့ပါဝင်သည်ဟု သိရသည်။

သူတို့သည် မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာများမှဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွားရောက်လိုပါက ငွေကျပ်သိန်း ၈ဝ ဖြင့် ပို့ဆောင်ပေးမည်ဟု ဦးရွှေလှတို့က လာရောက် စည်းရုံးပြောဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ယင်းနောက် မလေးရှားသို့သွားရန် သဘောတူပြီးနောက် သူတို့၏နေရပ်များမှ စက်လှေဖြင့်ထွက်ခွာခဲ့ပြီး အောင်တိုင်ကျေးရွာတွင်ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သူတို့ကို ထိန်းသိမ်းလက်ခံထားသည့် အိမ်ပိုင်ရှင် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း ရွာသားများက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို လဝကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးလျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ၂ ဦးကို ရာဇသတ်ကြီး ပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်အရေးယူ၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...