ပို့ကုန်ဝင်ငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့်သာ ပြန်လဲရမည်

ပို့ကုန်ဝင်ငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့်သာ ပြန်လဲရမည်

နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍမှ တင်ပို့မည့် ကုန်ပစ္စည်းများ၏ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရမည်ဟု သိရသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍ၌ ပို့ကုန်ရငွေအား ၁၀၀ ရာခိုင်နှုန်းအပြည့်ဖြင့် ရရှိနေပြီး ပို့ကုန်ရငွေတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို လိုင်စင်ရသည့် ပုဂ္ဂလိကဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပြင်ပပေါက်ဈေးအတိုင်း လဲလှယ်ခွင့်ရှိနေခြင်း ဖြစ်သည်။

သို့သော် လာမည့် မတ်လ ၁ရက်နေ့မှ စတင်ကာ  နယ်စပ်ပို့ကုန်ကဏ္ဍမှ ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရန် သတ်မှတ်ထားပြီး အဆိုပါမူဝါဒအတွင်း ပါဝင်သည့် ကုန်စည် ခြောက်မျိုးမှာ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲ၊ ရာဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်အရှင်တို့ ဖြစ်ကြောင်းသိရသည်။

တစ်ဖက်တွင်လည်း ပို့ကုန်ရငွေအပေါ်  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ၆၅ ရာခိုင်နှုန်း ၊ ၃၅ ရာခိုင်နှုန်း သတ်မှတ်ချက်က ဈေးကွက်အပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ပြောဆိုမှုများရှိနေသည်။

"မတ်လ ၁ရက်ကစပြီး မူဝါဒပြောင်းတဲ့အထဲမှာ လောလောဆယ်တော့ ကုန် ခြောက်မျိုးပါဝင်နေပြီ။ နောက်ပိုင်းမှာ တခြားကုန်တွေလည်း ထပ်ပါလာနိုင်‌ချေရှိတယ်။ ပို့ကုန် ၊ သွင်းကုန်သမားတွေအနေနဲ့တော့ အခက်တွေ့မယ့်ကိစ္စပဲ"ဟု တောင်ဥက္ကလာပမြို့နယ်မှ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို  တရားဝင်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်နိုင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ငွေဖြင့်လဲလှယ်ရမည်ဖြစ်ကြောင်း  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက် နေ့တွင်ထုတ်ပြန်ထားပြီး၊ ပို့ကုန် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တရုတ်ယွမ်‌ငွေ၊ ထိုင်းဘတ်ငွေနှင့် အိန္ဒိယရူပီးစသည့် နိုင်ငံခြားငွေများဖြင့် တိုက်ရိုက်ငွေပေးချေခွင့်ကို ခွင့်ပြုထားပြီးလည်းဖြစ်သည်။

လက်ရှိတွင် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ် ဖြစ်ပြီး ပြင်ပဈေးကွက်တွင် ၂,၉၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကာ တရုတ်တစ်ယွမ်လျှင် မြန်မာငွေ ၄၁၀ ကျပ် ဝန်းကျင်၊ ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် မြန်မာငွေ ၈၅ ကျပ်ဝန်းကျင်၊ အိန္ဒိယ တစ်ရူးပီးလျှင် မြန်မာငွေ ၃၆ ကျပ်ဝန်းကျင် အထိဖြစ်နေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ် ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းများမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား၊ ငရုတ်၊ ကြက်သွန် အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ ၊ ကြံ ၊ ရာဘာ၊ ငှက်ပျော စသည့် ခြံထွက် သီးနှံများ ၊ ငါး ၊ ပုဇွန် ၊ ကဏန်း အပါအဝင် ရေထွက်ကုန်ပစ္စည်းများ စသည့် ကုန်ပစ္စည်း အမြောက်အမြား တင်ပို့နေခြင်းလည်း ဖြစ်သည်။

စာတည်း။    ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။  ။ သန့်ဇော်(သန်လျင်)

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...