KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အား ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုးတရားစွဲဆို

KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အား ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုးတရားစွဲဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)နဲ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ရုံးချိန်းမှာ ပုဒ်မတိုး တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနမှ ဗိုလ်မှူး သူအောင်ဇော်ကနေ တရားလိုပြုလုပ်ပြီး မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)အပြင် နိုင်ငံတော်အကြည်ညိုမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုထားရာကနေ  အမှုတစ်ခုထပ်တိုးပြီး တရားစွဲလိုက်တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ရုံးချိန်းမှာတော့ ပုဒ်မ၁၇(၁)နဲ့ ၅၀၅-က နှစ်မှုစလုံးအတွက် တရားလိုဘက်က အားလုံးကို စစ်ဆေးမေးမြန်းပြီးပြီ ဖြစ်ပြီး ဆရာကြီးကို နောက်ထပ်အကြမ်းဖက်ဥပဒေပုဒ်မနဲ့ပါ ထပ်တိုးတရားစွဲဆိုလိုက်တာဖြစ်တယ်လို့ ဆရာကြီးနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ဒီနေ့က ၁၇(၁)နဲ့ ၅၀၅-က နှစ်မှုစလုံးအတွက် IO(အမှုစစ်အရာရှိ) စစ်ပြီးသွားပြီ။ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုတစ်ခု ပြန်တိုးတယ်”လို့ အထက်ပါနီးစပ်သူက ပြောပါတယ်။

ဆရာကြီးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နဲ့ သွားရောက်တွေ့ဆုံတယ်ဆိုပြီး ၅၂(က)အမှုတစ်ခု ထပ်တိုးစွဲဆိုခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ထပ်မံတိုးလိုက်တဲ့ အကြမ်းဖက်ပုဒ်မ ၅၂(က)ဟာ ထောင်ဒဏ် (၃)နှစ်ကနေ (၇)နှစ်အထိ ချမှတ်လို့ရတဲ့ ပုဒ်မဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ခုနှစ် ဇန်နဝါရီလထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ကို သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပုဒ်မ၁၇(၁)၊ အာရှနိုင်ငံအတွင်းက လူငယ်ဆွေးနွေးပွဲတစ်ခုမှာ ‘ခရစ္စတော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝေမျှတဲ့အချိန်မှာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ စကားလုံးအသုံးအနှုန်းတွေ တွေ့ရတယ်ဆိုပြီး ပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီကနေ့မှာတော့ ပုဒ်မတစ်ခု ထပ်တိုးစွဲဆိုလိုက်တာ ဖြစ်တယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းတွေဆီကနေ သိရပါတယ်။

လာမယ့် ရုံးချိန်ကိုတော့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပြီး ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့သွားတဲ့အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...