ရှမ်းမြောက်တွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်မှ အထိအခိုက်များဟုဆို

ရှမ်းမြောက်တွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်မှ အထိအခိုက်များဟုဆို
စစ်သင်တန်းတစ်ခုတွင်တွေ့ရသည့် KIA တပ်သားများ။
စစ်သင်တန်းတစ်ခုတွင်တွေ့ရသည့် KIA တပ်သားများ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နောင်ဆွေကျေးရွာအကျော် ဖာခေတ်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များတယ်လို့ KIA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ မနက်ပိုင်း (၉) နာရီခွဲအချိန် မန်ပိန်းကျေးရွာ စစ်ကောင်စီရဲ့ တပ်ရင်း(၃၈) က တပ်သားတွေနဲ့ KIA တပ်ရင်း (၉) တို့ မိနစ် (၃၀) ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ စစ်ကောင်စီဘက်က အထိအခိုက်အရမ်းများလို့ ကွတ်ခိုင်ကို ပြန်ခေါ်သွားကြပြီ” လို့ အထက်ပါနီးစပ်သူက ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီရဲ့ ကွတ်ခိုင်ဗျူဟာတပ်ကနေ လက်နက်ကြီး ပစ်ခတ်ကူတာမျိုးတွေရှိခဲ့ပြီး အထိအခိုက်နဲ့ ပက်သက်ပြီး တိတိကျကျ သိရှိရတာမျိုးတော့ မရှိသေးဘူးလို့လည်း ဆိုတယ်။

စစ်ကောင်စီဘက်က အင်အားကို တိတိကျကျ သိရှိရတာမျိုးမရှိပေမဲ့ ခရီးသည်တင်ကား (၃) စီးနဲ့ ဒဏ်ရာရသူတွေကို လာရောက်ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ ပြောပါတယ်။

နောက်ထပ် ရှေ့တန်းရောက် KIA တပ်သားတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်းနဲ့ လက်ရှိအခြေအနေအရ စစ်ကောင်စီနဲ့ KIA တို့ကြား စစ်ရေးတင်းမာနေကြောင်း အတည်ပြုပြောဆိုပါတယ်။

“ ဒီတစ်လောတော့ စစ်ကောင်စီဘက်က တက်နေသရွေ့တော့ နေ့တိုင်းဖြစ်မှာပဲ” လို့ KIA တပ်သားက ပြောဆိုခဲ့တာပါ။ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာတွေ ပြုလုပ်နေပြီး မနေ့က ဖေဖော်ဝါရီလ (၉) ရက်နေ့ကလည်း မန်ပိန်းကျေးရွာမှာ အထက်ပါစစ်ကောင်စီတပ်ရင်းက တပ်သားတွေနဲ့ KIA တပ်ရင်း (၃၉)၊တပ်ရင်း (၈) အောက် တပ်ခွဲ (၁) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တပ်ကြား တပ်ဆုတ်တာမျိုးတော့ မရှိသေးပါဘူး။

May 22, 2026
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ လွတ်လွတ်လပ်လပ် မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ ရောင်းချသူတွေကို...
May 21, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒိန်ဂျာယန်ကျေးရွာက မယ်ဇလီတောစစ်ရှောင်စခန်းမှာ နေထိုင်တဲ့...
May 20, 2026
စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ...
May 19, 2026
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ တရုတ်လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ We Chat...