အာဏာသိမ်းကာလ ဖမ်းဆီးခံရသည့် အမျိုးသမီး ၂,၇၀၀ ကျော်ရှိ၊ ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုသမီး အပါအဝင် ရခိုင်မှ ၂၁ ဦးပါဝင်

အာဏာသိမ်းကာလ ဖမ်းဆီးခံရသည့် အမျိုးသမီး ၂,၇၀၀ ကျော်ရှိ၊ ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုသမီး အပါအဝင် ရခိုင်မှ ၂၁ ဦးပါဝင်
ရခိုင်မှ ဖမ်းဆီးခံထားရသည့် မိုးဆန်းစုကြည် (ဝဲ)၊ ချယ်ရီသက်ရှည် (ယာ)
ရခိုင်မှ ဖမ်းဆီးခံထားရသည့် မိုးဆန်းစုကြည် (ဝဲ)၊ ချယ်ရီသက်ရှည် (ယာ)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရသည့် အမျိုးသမီးစုစုပေါင်း ၂,၇၇၈ ဦးရှိပြီး ယင်းအထဲတွင် ရခိုင်ပြည်မှ အမျိုးသမီး ၂၁ ဦးပါဝင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) မှ ဖေဖော်ဝါရီ ၇ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသည့်အမျိုးသမီးမှာ ရန်ကုန်တိုင်းမှ ၇၅၈ ဦး၊ မန္တလေးမှ ၃၉၃ ဦး၊ စစ်ကိုင်းတိုင်း မှ ၃၃၇ ဦး၊ ပဲခူးတိုင်းမှ ၂၁၄ ဦး၊ တနင်္သာရီတိုင်းမှ ၂၁၃ ဦး၊ မကွေးတိုင်းမှ ၁၉၃ ဦး၊ ဧရာဝတီတိုင်းမှ ၁၃၆ ဦး၊ ရှမ်းပြည်နယ်မှ ၁၁၁ ဦး၊ ကချင်ပြည်နယ်မှ ၁၀၃ ဦး၊ ကရင်ပြည်နယ်မှ ၉၂ ဦး၊ မွန်ပြည်နယ်မှ ၈၅ ဦး၊ နေပြည်တော်မှ ၃၉ ဦး၊ ချင်းပြည်နယ်မှ ၃၂ ဦး၊ ရခိုင်ပြည်မှ ၂၁ ဦး၊ ကယား(ကရင်နီ)မှ ၉ ဦးနှင့် အမည်မသိရှိရသူ ၄၂ ဦးတို့ ဖြစ်သည်။

ယင်းအထဲတွင် ပညာရေးဌာနမှ ၃၆၅ ဦး၊ ကျန်းမာရေးဌာနမှ ၅၁ ဦး၊ ပါတီ နိုင်ငံရေး ကဏ္ဍမှ ၉၂ ဦးနှင့် အခြား သတင်းမီဒီယာ၊ တက်ကြွလှုပ်ရှားသူများ၊ NGO အဖွဲ့အစည်းများ၊ အနုပညာ စသည့်ကဏ္ဍတို့မှပါဝင်ပြီး ၂၀၀ ကျော်မှာ သာမန် အရပ်သားများဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံတဝှမ်းဖမ်းဆီးခံရသည့် အမျိုးသမီးများထဲတွင် လူငယ်၊ လူလတ်ပိုင်းအရွယ် အများအပြားပါဝင်ပြီး ထိုသို့ဖမ်းဆီးခံရထားသဖြင့် အဘက်ဘက်မှာ နစ်နာနေရကြောင်း ဖမ်းဆီးခံထားသည့် မိသားစုဝင်များက ပြောဆိုနေကြသည်။

အင်းစိန်ထောင်တွင် အကျဉ်းကျနေသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုသမီး မမိုးဆန်းစုကြည်၏ အစ်မဖြစ်သူ မကြည်ကြည်ဦးက “ဖမ်းဆီးခံရတော့ သူ့မှာ အများကြီးဆုံးရှုံးရတယ်။ လူငယ်ဆိုတော့ ပညာဆက်လက်သင်ကြားရမယ့်  အခွင့်အလမ်းတွေ ဆုံးရှုံးနေရတယ်။ လူငယ်သဘာဝအလိုက် လုပ်ဆောင်ရမယ့် လုပ်ငန်းတွေလည်း ဆုံးရှုံးသွားရတယ်”ဟု ပြောသည်။

စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလ ရခိုင်ပြည်အတွင်းက ဖမ်းဆီးထိန်းသိမ်းခံရသူ အမျိုးသမီး ၂၁ ဦးထဲတွင်  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မမိုးဆန်းစုကြည်၊ တောင်ကုတ်မြို့နယ်မှ အထက်တန်းပြ ဆရာမ ဒေါ်ချယ်ရီသက်ရှည်နှင့် တခြားနယ်ပယ်အသီးသီးမှ ပါဝင်ကြောင်း သိရသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူဦးရေမှာ တိုင်းနှင့်ပြည်ထဲတွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် အများဆုံးဖြစ်ကြောင်း တွေ့ရသည်။

ယင်းအပြင် အာဏာသိမ်းကာလအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှု၊ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် မီးရှို့သတ်ဖြတ်ခံရမှုအပြင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်စဉ် ပစ်ခတ်ဖြိုခွဲခံရမှုတို့ကြောင့် သေဆုံးသူ အမျိုးသမီးစုစုပေါင်း ၄၁၄ ဦးအထိရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့်  အဘက်ဘက်တွင် ဆုံးရှုံးနစ်နာနေရပြီး အမျိုးသမီးများမှာလည်း စီးပွားရေးကျပ်တည်းနှင့်အတူ လူကုန်ကူးခံရမှုများလည်းရှိသဖြင့် တဖြည်းဖြည်း လုံခြုံမှုကင်းမဲ့လာနေကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ စောစံငြိမ်းသူက ပြောသည်။

“နိုင်ငံတစ်ခုရဲ့ မတည်ငြိမ်မှုတွေဖြစ်ရင်တော့ ပြည်သူလူထုတွေ ဆုံးရှုံးနစ်နာမယ်။ သက်ဆိုင်သူတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာတွေကို အဖြေရှာတဲ့အခါမှာ ပြည်သူလူထုကို နစ်နာမှုမရှိအောင်လုပ်ဖို့ လိုအပ်ပါတယ်”ဟု စောစံငြိမ်းသူက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူထားသည်မှာ လက်ရှိတွင် ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ အာဏာသိမ်းမှုအကျိုးဆက်ကြောင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး စသည့်အဘက်ဘက်မှာ ယိုးယွင်းလျက်ရှိနေသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...