WFP ပေးသည့်ဆန် စားရန်အဆင်မပြေ စစ်ရှောင်များ ဒေသထွက်ဆန်ဖြင့် လဲလှယ်ပြီး စားနေရ

WFP ပေးသည့်ဆန် စားရန်အဆင်မပြေ စစ်ရှောင်များ ဒေသထွက်ဆန်ဖြင့် လဲလှယ်ပြီး စားနေရ

ကမ္ဘာ့ကုလသမဂ္ဂ UN ထောက်ပံ့သည့် WFP တံဆိပ်ပါသည့် ဆန် သည် အရည်အသွေးကြောင့် ကရင်နီ စစ်ရှောင်များ စားသုံးရန် ခက်ခဲသဖြင့် ပြန်လည်ရောင်းပြီး ဒေသထွက် ဆန်များကို ဝယ်ယူ စားသုံးရကြောင်း သိရသည်။

ကရင်နီ (ကယားပြည်) စစ်ဘေး ဒုက္ခသည်များအတွက် ပြီးခဲ့သည့် ဇူလိုင်လပိုင်း က WFP တံဆိပ်ပါ ဆန်အိတ် ၅၀ ကီလိုဂရမ်အိတ်ကို စစ်ဘေးရှောင် တစ်ဦးလျှင် ဆန် ၆ ပြည် နှင့် စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

စတုတ္တကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ UN က ထောက်ပံ့ပေးတဲ့ WFP တံဆိပ်ပါ ဆန်အမျိုးအစားမှာ အရည်အသွေးကြောင့် စားသုံးရန် ခက်ခဲသဖြင့် ပြန်လည်ရောင်းချပြီး ဒေသထွက်ဆန်များကို ဝယ်ယူ စားသုံးရကြောင်း လွိုင်ကော်မြို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စားနေကြ ဆန် ရွှေရင်အေး၊ ရွှေအပ်ဆန်တို့ က အဆင်ပြေတယ်ဗျာ။ WFP တံဆိပ် ဆန်က အရမ်းမာတယ်၊ စားလို့အဆင်မပြေဘူး။ သူတို့ သိုလှောင်ထားတဲ့ နေရာက အဆင်မပြေသလား၊ ဆန်က တခါတလေ တိုးတာတွေ ရှိတယ်။ တချို့က သျှမ်းဆန် နဲ့ ရောပြီး စားရတယ်။ အချို့က မစားနိုင်တော့ ဒီ UN ကပေးတဲ့ ဆန်ကို ရောင်းပြီး သျှမ်းဆန်တွေကို ပြန်ဝယ်စားရတယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယားပြည်) တွင် တိုက်ပွဲကြောင့် လွိုင်ကော်မြို့ပေါ်ရှိ စစ်ဘေးဒုက္ခသည် များအတွက် WFP တံဆိပ်ပါ ဆန်အမျိုးအစားကို လက်ရှိမှာ လေးကြိမ်မြောက် ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကရင်နီ (ကယားပြည်) စစ်ဘေး ဒုက္ခသည်များကို ကူညီနေသူ အမျိုးသားတစ်ဦးက ကမ္ဘာ့ကုလသမဂ္ဂ UN က ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာတွေမှာ မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းသာ ရောက်ပြီး ကျေးလက်ဒေသရှိ စခန်းငယ်တွေမှာတော့ တစ်ကြိမ်မှ မရောက်ရှိလာကြောင်း ဆိုသည်။

“ စဖြစ်တဲ့ အချိန်တုန်းကတော့ ICRC တစ်ခါလောက်တော့ ဝင်သွားတယ်။ စစ်ဘေးရှောင်စခန်း အကြီးတွေမှာပဲ ဝင်သွားတယ်။ ဒုတိယပိုင်းမှာလည်း ICRC တွေက စားနပ်ရိက္ခာအနည်းအကျဉ်း နဲ့ သုံးဖို့ငွေ တစ်ခေါက် ထောက်ပံ့တာတွေရှိတယ်၊ ဒါပေမယ့် ကျနော်တို့ဆီ ရောက်မလာဘူး စာရင်း ရထားတဲ့ ကျေးလက်ဒေသက စခန်းငယ်တွေမှာ UN ကထောက်ပံ့ပေးတယ်ဆိုပြီး ဒီနေ့ ဒီချိန် တခါမှ ရောက်မလာဖူးသေးဘူး “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ပေးဝေလှူဒါန်းထားသည့် ဆန်အိတ်များက ဈေးကွက်သို့ ရောက်ရှိသွားပြီး ရောင်းဝယ်မှုများ ဖြစ်နေခြင်းနှင့် ပတ်သက်ပြီး WFP ကို ဆက်သွယ်မေးမြန်းရာ WFP ၏ ပံ့ပိုးကူညီပေးမှုများ ပိုမိုထိရောက်မှုရှိစေရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

“WFP က လှူဒါန်းထားတဲ့ စားနပ်ရိက္ခာအချို့ အကျိုးခံစားခွင့်ရှိသူ မိသားစုဝင်တွေက သူတို့ရရှိထားတဲ့ ဆန်ရိက္ခာ အနည်းအကျဉ်းကို တခြားအိမ်သုံးပစ္စည်းတွေ၊ အစားအစာတွေနဲ့ လဲလှယ်ရောင်းချတတ်ကြပါတယ်၊ မြေပြင် မှာ ရောက်နေတဲ့ WFP ဝန်ထမ်းတွေလည်း ကူညီမှုတွေ ပိုမိုထိရောက်စေဖို့အတွက် စဥ်ဆက်မပြတ် ပြုလုပ်လျက် ရှိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောကြားသည်။

ကမ္ဘာ့ကုလသမဂ္ဂ UN က ထောက်ပံ့သည့် စားနပ်ရိက္ခာ အစီစဉ် WFP တံဆိပ်ပါ ဆန်အမျိုးအစား အိတ် ၅၀ ကီလိုဂရမ်အိတ် တစ်အိတ်ကို လက်ရှိမှာ ကျပ်ငွေ (၅၂,၀၀၀) ကျပ်အထိ ကာလ ပေါက်ဈေး ရှိနေကြောင်း သိရသည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...