ကလေး PDF နှစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

ကလေး PDF နှစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

ကလေး PDF တပ်ဖွဲ့ဝင်နှစ်ဦးအား စစ်ကောင်စီတပ် က ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ကလေး PDF တာဝန်ရှိသူများက ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် မြောက်ပိုင်းမှ ကလေးမြို့တွင်းသို့ စစ်ဆင်ရေး (မစ်ရှင်) ပြုလုပ်ရန် ထွက်လာစဉ် ဒိုးဝိုင်းချောင်း ကျေးရွာအနီးတွင် ဒီဇင်ဘာလ ၄ ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင် အချိန်၌ ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများနှင့် ရင်ဆိုင်တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ကလေး PDF တာဝန်ရှိသူများက ပြော သည်။

ကလေး PDF မိုင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက “ဖုန်းတွေဘာတွေ စစ်ဆေးတာမျိုး မဟုတ်ပဲ သူတို့ က မြို့ထဲမှာ စစ်ကြောင်းလှည့်ပြီး ပတ်နေတာပေါ့။ သူတို့လာတုန်းကကျတော့ အဲ့ဒီလမ်းကရှင်းတယ်။ သူတို့ ပြန်တဲ့အချိန်မှာမှ အဲ့ဒီစစ်ကြောင်းနဲ့ သွားတိုးတော့ မသင်္ကာလို့ စစ်လိုက်တဲ့အချိန်မှာ မိသွားတာ” ဟု ပြော သည်။

ဖမ်းဆီးသတ်ဖြတ်ခံရသည့် ရဲဘော် ၂ ဦးမှာ ကလေး PDF Operation MoMo စစ်ဆင်ရေးမှ တပ်ဖွဲ့ဝင်များဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် လူငယ်လေးများဖြစ်သည်ဟု ပြောသည်။

၎င်းတို့ ၂ ဦးကို တပ်ဖွဲ့အတွင်း ငဝိုင်းနှင့် ခုပ်ပီးဟု ခေါ်ဆိုကြပြီး အမည်အရင်းများကို လုံခြုံရေးအရ ထုတ်ဖော်ခွင့် မရှိသေးဘူးဟု တာဝန်ရှိသူများက ပြောသည်။

“သူတို့နှစ်ယောက်ကို မျက်စိဖုံးထားပြီး ကြိုးချည်ပြီး ဆွဲခေါ်လာတာ။ အလောင်းကို မြင်လိုက်တဲ့ ဒေသခံတွေ ကတော့ ရိုက်သတ်ထားတာလို့ ယူဆတယ်။ ကင်းတွေ သေချာထောက်ပေမယ့် စစ်သားတွေက ရှောင်တခင် ဝင်လာတော့ ပါသွားတာ။ ထိပ်တိုက်တိုးတော့ မောင်းပြေးလို့မရ၊ ခုခံလို့မရဖြစ်သွားတာ” ဟု ကလေး PDF မိုင်းအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ရဲဘော်နှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ပြီးသည့်နောက်တွင် စစ်ကောင်စီတပ်များမှ အလောင်းပြန်ပေးခြင်း မရှိဘဲ ဆာလာအိတ်ဖြင့်သယ်သွားသည်ဟု မျက်မြင်တွေ့ခဲ့ရသည့် ဒေသခံများက ပြောသည်။

ထိုကိစ္စနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် “မသင်္ကာဖွယ် ဆိုင်ကယ် တစ်စီးအား တွေ့ရှိ၍ တားဆီးစစ်ဆေးစဉ် ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဆိုင်ကယ် တစ်စီးနှင့် အတူ ပစ္စတို သေနတ်တစ်လက် သိမ်းဆည်းရမိ” ဟု ရေးသားထားသည်။

သို့သော် စစ်ကောင်စီ၏ ဝါဒဖြန့်မှုများနှင့် မြေပြင်တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေမှာ ကွဲလွဲနေသည်ဟု ဒေသခံ များက ပြောသည်။

တားဆီးစစ်ဆေးစဉ် ဆိုင်ကယ် မရပ်ပေးဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခြင်း ဖြစ်သည်ဆိုသည့် စွပ်စွဲချက်မှာ မမှန်ကန်ကြောင်းနှင့် အဆိုပါ လူငယ်နှစ်ဦးက စစ်သားများက ရိုက်နှက်ရာမှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့တွင်လည်း ကလေးမြို့နယ် နတ်မြောင်းကျေးရွာနှင့် စည်သာကျေးရွာ အကြား နယ်မြေရှင်းလင်းရေး ပြုလုပ်နေသည့် ကလေး PDF တပ်ဖွဲ့ဝင် အယောက် ၃၀ ကို စစ်ကောင်စီတပ်သား အင်အား အယောက် ၁၀၀ ဝန်းကျင်က ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် မိုင်းတပ်စုမှူးရဲဘော်ရတု ကို ဖမ်းဆီးသတ် ဖြတ်ခဲ့ကြသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...