မိုင်းပန်မြို့ လူငယ်များ အုပ်စုလိုက် ရန်ဖြစ်မှုမှ လူမျိုးရေး ပြဿနာဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်

မိုင်းပန်မြို့ လူငယ်များ အုပ်စုလိုက် ရန်ဖြစ်မှုမှ လူမျိုးရေး ပြဿနာဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ အတွင်းမှ လူငယ်များ အုပ်စုလိုက် ရန်ဖြစ်မှုမှ လူမျိုးရေး ပြဿနာများ ဖြစ်ပွားမှာကို ဒေသခံများက စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

မိုင်းပန်မြို့ ကောင်းလွိုင်မုံမိန်း (မန်းပန် View Point) နှင့် ပွဲခင်းများထဲတွင် တုတ်၊ ဓား ကိုင်သည့် လူငယ်များ ခိုက်ရန်ဖြစ်ပွားရာမှ ပြဿနာ ကြီးလာလျှင် လူမျိုးရေး ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း အသက် ၅၀ ကျော် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လီဆူး လူငယ်တွေရဲ့ အုပ်စုက အယောက် ၂၀ ကျော်လောက်ရှိတယ်၊ သျှမ်း လူငယ်တွေက အယောက် ၁၀ ကျော်ပေါ့၊ ပြဿနာက ဘယ်က စလဲတော့ မသိရပေမယ့် ပွဲတွေ ဖြစ်လာပြီဆိုရင် သူတို့ ရန်မဖြစ်ရအောင် လုံခြုံရေး တွေက အမြဲလှည့်ရတယ်၊ ပြီးတော့ ကောင်းလွိုင်မုံမိန်းမှာလည်း ရန်ဖြစ်တာ ခဏခဏရှိနေတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ကောင်းလွိုင်မုံမိန်းသည် မိုင်းပန် View Point နေရာဖြစ်ပြီး ဒေသထဲမှ လူငယ်များအပြင် တခြားဒေသမှ ပြည်သူများ လာရောက်လည်ပတ်ပြီး တိမ်ပင်လယ် နှင့် ရှုခင်းများ မြင်တွေ့ရသည့် နေရာဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လူစည်ကားနေသည့် နေရာလိုမျိုးတွင် တုတ်၊ ဓားကိုင်သည့် လူငယ်အုပ်စုဖွဲ့ ရန်ဖြစ်မှုမကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် RCSS/SSA တပ်ဖွဲ့မှ ဒေသ အာဏာပိုင်များ စောင့်ကြပ်ပြီး ကျူးလွန်သူ လူငယ်များကို တွေ့ရှိပါက ဖမ်းယူ သိမ်းထားကြောင်းလည်း သိရသည်။

“ရန်ပွဲဖြစ် ပြီလို့ကြားတိုင်း လီဆူးလူငယ် နဲ့ သျှမ်းလူငယ်တွေ ပဲဖြစ်ကြတယ်၊ ဒါတွေ ပြဿနာမကြီးတဲ့ အနေနဲ့ ဒေသထဲက အာဏာပိုင်တွေ၊ ပြီးတော့ စာပေနဲ့ ယဥ်ကျေးမှုကရော ထိန်းပေးနေကြရတယ်၊ ဖမ်းဆီးထိန်းသိမ်း ခံရတဲ့ လူငယ်တွေကို ခံဝန် ကတိတွေထိုးပြီး ပြန်လွှတ်ပေးတယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လီဆူး လူငယ် နှင့် သျှမ်းလူငယ်ကြား ရန်ပွဲများ ထပ်မကြီးထွားစေရန် နှင့် လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားစေရန် အတွက် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ နှင့် စာပေယဥ်ကျေးမှု တာဝန်ရှိသူများက ဝိုင်းဝန်းညှိနှိုင်းနေကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်လည်း သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် လားဟူ လူငယ်များနှင့် သျှမ်းလူငယ်များ စကားများရာ လူမျိုးရေး ပြဿနာမဖြစ်အောင် သက်ဆိုင်ရာ စာပေယဥ်ကျေးမှု နှင့် သက်ဆိုင်ရာ မိဘများ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာပြီးနောက် မိုင်းပန်မြို့ အပါအဝင် သျှမ်းပြည်အတွင်း လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ခိုးယူလုယက်မှုများ၊ ဓားပြတိုက်မှုများ ယခင်ထက် ပိုမိုများပြားလာပြီး ပြည်သူများ အနေဖြင့်လည်း လုံခြုံမှု မရှိတော့ကြောင်း သိရသည်။

April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...
March 30, 2026
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး...