နမ္မတူမြို့နယ်အတွင်း စစ်ရှောင်သစ် ၃၀၀ နီးပါးရှိ စားနပ်ရိက္ခာအကူအညီလိုအပ်

နမ္မတူမြို့နယ်အတွင်း စစ်ရှောင်သစ် ၃၀၀ နီးပါးရှိ စားနပ်ရိက္ခာအကူအညီလိုအပ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းအနီး ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ရှောင် ၃၀၀ နီးပါးရှိလာပြီး စားနပ်ရိက္ခာအကူအညီလိုအပ်နေကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA ပူးပေါင်း PDF တပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်အသစ် (၃၀၀) နီးပါး သည် နမ္မတူမြို့နယ်မှ ကုန်းကယားကျေးရွာ နှင့် ဆင်လီကျေးရွာတို့မှ ဗုဗ္ဗာရုံ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာကြောင်း ဒေသခံများက ပြောသည်။

“ရွာနဲ့ အနီးမှာပဲ တိုက်ပွဲတွေ ဖြစ်ကြလို့ ပြေးလာကြတာတဲ့၊ တချို့က ဘာမှတောင် မယူဖြစ်လိုက်ကြဘူး၊ အမျိုးသား (၁၀၅) ကျော် နဲ့ အမျိုးသမီး (၁၇၀) လောက်ရှိတယ်၊ စောင်တွေကြတော့ ဘုန်းကြီးကျောင်းက ပေးထားပေမယ့် စားဖို့သောက်ဖို့ က ခက်တယ်လေ၊ အကူညီတွေ လိုအပ်တယ်” ဟု နမ္မတူမြို့နယ်မှ အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့နယ် စစ်ရှောင်အသစ်များ ထပ်မံရောက်ရှိ

အဆိုပါ ထွက်ပြေးတိမ်းရှောင်ထွက်လာသူများမှ အများစုသည် သက်ကြီးရွယ်အိုနှင့် ကလေးမိခင် အမျိုးသမီးများဖြစ်ကြပြီး ၎င်းတို့အတွက် နေထိုင်စားသောက်ရေး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

လက်ရှိ အချိန်ထိ နမ္မတူမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် လူမှုကူညီရေးအသင်းမှ စစ်ရှောင်များအတွက် စားနပ်ရိက္ခာတချို့ လာရောက်ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ကလည်း တတ်နိုင်သလောက် အကူညီ ဖြစ်အောင် ဆန် ၅ အိတ်၊ ဆီ တပိဿာဗူး ၃ ဗူး။ အသားတု ၂ ပိဿာ ကြာဆံ ၁ ပိဿာ၊ ဟင်းချိုမှုန့် ၄ ထုတ်၊ ယမ်ယမ် ခေါက်ဆွဲတစ်ဖာ ၊ ပဲပြား ၂၀ ထုတ် ထောက်ပံ့ပေးခဲ့ ပါတယ်” ဟု သွားရောက်ကူညီပေးခဲ့သူ လက်ဖက်ညွှန့် လူမှုကူညီရေးအသင်း ဥက္ကဌ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိတွင် ကုန်းကယားကျေးရွာဘက်၌ စစ်ကောင်စီတပ်ဖွဲ့မှ နေရာယူထားပြီး အနီးပတ်ဝန်းကျင်တွင်လည်း KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က လှုပ်ရှားနေသည့်အတွက် အချိန်မရွေး တိုက်ပွဲ ထပ်မံ ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက စိုးရိမ်ထိတ်လန့် နေကြောင်း သိရသည်။

Most read this week

December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...