ပင်းတယမြို့နယ် စစ်ကောင်စီ နှင့် PNO/PNA စစ်သင်တန်းဆင်းများ ပူးပေါင်းပြီး ပြည်သူကို စစ်ဆေးနေ

ပင်းတယမြို့နယ် စစ်ကောင်စီ နှင့် PNO/PNA စစ်သင်တန်းဆင်းများ ပူးပေါင်းပြီး ပြည်သူကို စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအိုဝ်း ပြည်သူ့စစ် PNO/PNA စစ်သင်တန်းဆင်းများ ပူးပေါင်းပြီး ပြည်သူများကို စစ်ဆေးနေကြောင်း သိရသည်။

PNA စစ်သင်တန်းဆင်း တချို့ ပျူစောထီးအဖွဲ့ဝင်များအဖြစ် စစ်ကောင်စီမှ ပေးအပ်သည့် သေနတ်အားကိုးဖြင့် ပင်းတယမြို့နယ် ပြည်သူများကို PDF နှင့် ပတ်သက်သူများရှိပါက သတင်းပေးကြရန် သေနတ်ဖြင့် ခြိမ်းခြောက်ကြောင်း ဒေသခံများက ပြောသည်။

“သေနတ်ကိုင်ရတဲ့ ပျူစောထီးတွေက PNA စစ်သင်တန်းဆင်းတွေပါတယ်၊ သူတို့က သေနတ်ကိုင်ပြီး ဒေသခံတွေကို PDF တွေ သတင်းကြားတာနဲ့ ချက်ချင်းသတင်းပို့ရမယ်၊ မပို့ရင် သေနတ်တွေ့လား ဆိုပြီးတော့ ခြိမ်းခြောက်တာ၊ ဒေသခံတွေက PDF နဲ့ ပတ်သက်တာလည်း မရှိဘဲနဲ့ အဲ့လိုခြိမ်းခြောက်ခံရတော့ စိတ်ဆင်းရဲတာပေါ့” ဟု ပင်းတယ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ (စက်တင်ဘာလ ၂၇ ) ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင်လည်း ပင်းတယမြို့နယ် ကျောက်စုရွာအနီး ကိုးလုံးတံတားတွင် စစ်ကောင်စီ နှင့် PNA စစ်သင်တန်းဆင်း ၊ ဒေသခံ ပျူစောထီးများက စစ်ဆေးမှု ပြုလုပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

“ကိုးလုံးတံတား ဖြတ်သန်းသွားလာတဲ့ သူတွေကို စစ်ဆေးနေတာ၊ PDF လှုပ်ရှားမှုတွေ သိလားလို့လည်း မေးတယ်၊ ကျနော်တို့ နယ်ထဲမှာ PDF တွေရဲ့ လှုပ်ရှားမှု မရှိတာ ကြာပြီ” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် ပျူစောထီးအဖွဲ့ဝင်များကို သေနတ်ပေးအပ်ခြင်းများ ရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ပင်းတယမြို့နယ် အတွင်းရှိ ကျေးရွာများတွင် တစ်ရွာထွက် တစ်ရွာဝင်ပြီး (၂၀၂၃) ခုနှစ် ရွေးကောက်ပွဲအတွက် စစ်ကောင်စီတပ်ဖွဲ့ ကိုထောက်ခံရန်အတွက် လိုက်လံဟောပြောခဲ့ကြောင်းလည်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...