မိုးမိတ်မြို့နယ်အတွင်း SSPP နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးရှိ

မိုးမိတ်မြို့နယ်အတွင်း SSPP နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးရှိ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက် အကျအဆုံးများရှိကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာ ၁၇) ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှ စတင်ကာ မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာအုပ်စု အတွင်းရှိ ဟွေခမ်းတောင်ကြောတွင် နေရာယူထားသော SSPP/SSA ထံသို့ စစ်ကောင်စီတပ်ဖွဲ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။

“သူတို့ (စကစ) အင်အားက ၅၀ နီးပါးလောက်ရှိတယ်၊ ကျနော်တို့ လှုပ်ရှားနေတဲ့ ဒီဟွေခမ်းတောင်ကြောကို ရောက်လာပြီး စတင်တိုက်ခိုက်ခဲ့တာ၊ သူတို့ဘက်က သုံးဦးသေ၊ ၆ ဦးဒဏ်ရာရတယ်၊ ကျနော်တို့ ဘက်ကတော့ အကျအရှုံးမရှိပါဘူး၊ တိုက်ပွဲက ၄၅ မိနစ်လောက်ကြာတယ်” ဟု မိုးမိတ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် SSPP/ SSA နယ်မြေတာဝန်ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် စစ်ကောင်စီတပ်ဖွဲ့သည် စစ်အင်အား ထပ်မံဖြည့်တင်းနေလျက်ရှိပြီး SSPP/SSA နှင့် စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ တိုက်ပွဲသည် စစ်ကောင်စီတပ်ရင်း (၃၄၈) ဘက်မှ စတင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အကျအရှုံးရှိသည့်နောက် စစ်အင်အား ထပ်မံဖြည့်တင်းကာ ဒဏ်ရာရ နှင့် သေဆုံးသူများကို ကားဖြင့် မိုးမိတ်မြို့ တွင်းရှိ တပ်စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရ နဲ့ သေဆုံးတဲ့ စစ်သားတွေကို မိုးမိတ်မြို့အဝင်က ၃၄၈ တပ်ရင်းထဲ သယ်သွားတာ တွေ့ရတယ်၊ ကျနော် တို့ မိုးမိတ်မြို့မှာ စကစ ဗျူဟာမှူး အသစ်ပြောင်းလိုက်ပြီလို့ ကြားတယ်၊ ဒီဗျူဟာမှူးအသစ်က ရောက်လာ တာ မကြာသေးဘူး” ဟု မိုးမိတ်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင်လည်း မိုးမိတ်မြို့နယ် ပုန်ကန် (ခ) မိုးဘုံကျေးရွာ နှင့် ဝမ်အုံကျေးရွာ ကြားတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် SSPP/SSA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် စစ်ကောင်စီတပ်ဖွဲ့နှင့် မိုးမိတ်မြို့နယ်အတွင်းမှ တခြား လက်နက်ကိုင်တပ်ဖွဲ့တို့ကလည်း တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိသည့်အတွက် ဒေသခံ ပြည်သူတချို့က စစ်ဘေးဒဏ် တိမ်းရှောင်နေရကြောင်းလည်း သိရသည်.

https://burmese.shannews.org/archives/30361

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...