ဆီဆိုင်မြို့နယ် စစ်ကောင်စီတပ်စခန်း (၂) ခု တိုက်ခိုက်ခံရ

ဆီဆိုင်မြို့နယ် စစ်ကောင်စီတပ်စခန်း (၂) ခု တိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ စက်တင်ဘာ ၁၂ ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ တပ်စခန်း (၂) ခု တိုက်ခိုက်ခံရကြောင်း စုံစမ်းသိရသည်။

“ဒီနေ့ မနက် ၆ နာရီလောက်မှ သေနတ်သံစကြားရတာ။ ပြောသံကြားတာတော့ PDF တပ်ဖွဲ့က လာပစ်တယ်လို့ ပြောတယ်။ တိုက်ပွဲက ၂ နာရီလောက်ကြာတယ်။ ၈ နာရီထိဖြစ်တာ။ ဘယ်က PDF လာပစ်လဲတော့မသိဘူး” ဟု ဆီဆိုင်မြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် သေနတ်သံပစ်ခတ်ပြီး နောက်ပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“သူတို့ သေနတ်နဲ့ ပစ်ပြီးတော့ လေယာဉ်နဲ့လာတာ။ လေယာဉ်နဲ့ ဗုံးလာကြဲတာ။ ၇ လုံးလောက်လာပစ်သွားတယ်။ လာပစ်ပြီးတော့ ဒီ PNO တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေက ပြန်ဝင်လာတာ။ အဲ့နောက် အခုထိတော့ ဘာသံမှ ပြန်မကြားရသေးဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများက စစ်ဘေးထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

အလားတူ လက်ရှိအချိန်မှာ တောင်ယာလုပ်သည့် အချိန်ဖြစ်သောကြောင့် တိုက်ပွဲမဖြစ်ပွားရန် ပြည်သူများက တောင်းဆိုကြသည်။

“ကျနော်တို့လည်း အခု ရှောင်နေပါတယ်။ ပြီးတော့ ကျနော်တို့အခုက တောင်ယာလုပ်နေတဲ့အချိန်ဖြစ်တယ်လေ။ ကျနော်တို့တော့ သူတို့ တိုက်ပွဲမဖြစ်ဖို့ပဲ တောင်းဆိုပါတယ်။ ကျနော်တို့က ပြည်သူတွေ ကြားကနေခံနေရတယ်” ဟု အထက်ပါ ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိမှာလည်း ပြည်သူများက လက်နက်သံ မကြားရသော်လည်း နေအိမ်ကို မပြန်ရဲသေးပေ။

နောင်ထော်ကျေးရွာတွင် စစ်ကောင်စီ၏တပ်စခန်း PDF တပ်ဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ကြောင်း ဒေသခံကြား ခဲ့သော်လည်း သျှမ်းသံတော်ဆင့် အတည်မပြုနိုင်သေးပေ။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...