သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် သူခိုး၊ ဓားပြ ပေါများလာသည့်အတွက်ကြောင့် ပြည်သူများ ကိုယ်တိုင် ဖမ်းဆီးနှိမ်နင်းရန် ရပ်ကွက်အလိုက် အဖွဲ့ ဖွဲ့စည်းနေကြောင်း စုံစမ်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း သူခိုး၊ဓားပြ ပေါများလာသော်လည်း တာဝန်ရှိ ရဲတပ်ဖွဲ့များက အလုပ်မလုပ်သောကြောင့် မိုင်းဆတ်မြို့ ရှိ ဒေသခံများက ကိုယ်တိုင်ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်း မိုင်းဆတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ ဒီ ၃ လ အတွင်းမှာပဲ သူခိုးတွေပိုများလာတယ်။ ရဲတွေကလည်း အလုပ်မလုပ်လို့ သူခိုးတွေများလာတယ်လေ။ ကျနော်တို့ မိုင်းဆတ်မှာတော့ တစ်ရပ်ကွက်ကို လူငယ် ၁၅ ယောက်လောက်နဲ့ သူခိုးတွေဖမ်းဖို့ လုံခြုံရေးအတွက် အဖွဲ့ဖွဲ့စည်းဖို့စီစဉ်နေတယ်” ဟု မိုင်းဆတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သို့သော် သူခိုး များကို ဖမ်းဆီးပြီး ရဲစခန်းကို ပို့ဆောင်ပေးသော်လည်း တာဝန်ရှိရဲများက ဖမ်းဆီးအရေးယူမှုမရှိဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“အရင်ကလည်း ကျနော်တို့ ဖမ်းဆီးပေးပြီး သူတို့ (ရဲ) ကို သွားပို့ပေးတာ။ သူတို့က အရေးယူတာမရှိဘူး။ ပြန်လွှတ်ပေးတယ်။ အဲ့ဒါကြောင့် ရဲကို အပ်ရမလား။ မအပ်ရဘူးလား ဘယ်လိုလုပ်ရမယ်ဆိုတာ စဥ်းစားနေတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။
အလားတူ စက်တင်ဘာ ၆ ရက်တွင် မိုင်းဆတ်မြို့ ကွက်သစ်ရပ်ကွက်၌ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး အိမ်တွင်းရှိ ပစ္စည်းအားလုံးကို ခိုးယူသွားကြောင်းသိရသည်။
“ ကျမတို့ အိမ် သူခိုးဝင်တယ် ၊ ကျမတို့ရွာပြန်သွားတုန်း အိမ်မှာ ဘယ်သူမှ မရှိဘူး။ အိမ်ထဲက အိမ်တွင်းသုံးပစ္စည်းတွေ၊ တီဗွီ စလောင်းတွေ၊ ဟင်းအိုးတွေ၊ ဆန်၊ ဆီ၊ဆား၊ အဝတ်စားတွေ အားလုံးကို ခိုးယူသွားတာ။ တော်တော်များများ ပါသွားတယ်” ဟု အိမ်ရှင်အမျိုးသမီး တစ်ဦးက ပြောသည်။
မိုင်းဆတ်မြို့ သူခိုးများပြားလာခြင်းသည် မူးယစ်ဆေးဝါး သုံးစွဲသူများပြားလာပြီး အလုပ်လက်မဲ့ များလာသောကြောင့် ဖြစ်သည်ဟု မိုင်းဆတ်မြို့က ၄၀ အရွယ် အမျိုးသားက ပြောသည်။
“ကျနော်တို့ မိုင်းဆတ်မှာက မူးယစ်ဆေးဝါးကလည်း သုံးတဲ့သူများတယ်။ ပေါလည်းပေါတယ်။ ပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူအများစုကလည်း အလုပ်လက်မဲ့ဖြစ်တယ်။ ဝင်ငွေတွေ မရှိတော့ အဲ့ကြောင့် သူခိုးတွေများလာတယ်” ဟု ၎င်းကို ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ သျှမ်းပြည်အတွင်း မြို့နယ်တိုင်းက သူခိုး၊ ဓားပြ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေ တစ်နေ့ထက်တစ်နေ့ ပိုများပြား လာကြောင်း သိရသည်။
ထိုသို့ သူခိုး၊ဓားပြတွေ များပြားလာသော်လည်း တာဝန်ရှိ အစိုးရ နှင့် ရဲတပ်ဖွဲ့များကလည်း ဖမ်းဆီးအရေးယူ ပေးနေခြင်း မရှိပေ။







