ရွှေအင်းတိန်ဘုရားအတွင်း စစ်ကောင်စီ နှင့် PNA တပ်သားများ ရောက်ရှိနေရာယူနေ

ရွှေအင်းတိန်ဘုရားအတွင်း စစ်ကောင်စီ နှင့် PNA တပ်သားများ ရောက်ရှိနေရာယူနေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ရွှေအင်းတိန်ဘုရားအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် PNA တပ်သားများက ရောက်ရှိနေရာယူထားကြောင်း သိရသည်။

အဆိုပါ စစ်သားများသည် အင်းတိန်ရွာရှိ ရွှေအင်းတိန်ဘုရားသို့ ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးအပတ်တွင် ရောက်ရှိလာကြပြီး ရွာသားများကိုလည်း ခြိမ်းခြောက်ပြောဆိုမှုများရှိနေကြောင်း သိရသည်။

“အင်းတိန်ဘုရားမှာ စစ်တပ်၊ ရဲ၊ PNO တွေ တပ်လာစွဲထားပြီ၊ အရင်နေ့က ‌ရွာက လူတွေ သူတို့ကို ကြည့်မိတာ ပြန်ရန်ရှာတယ်၊ ဘာလို့ကြည့်လဲ အဆော်ခံချင်လား ဆိုပြီး ခြိမ်းခြောက်ပြောကြတာ၊ အခုဆို အင်းတိန် ဘုရားဘက်ကို မသွားရဲကြဘူး” ဟု အင်းတိန်ရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းတိန်ဘုရားအတွင်း ရောက်နေသည့် စစ်ကောင်စီ နှင့် PNA တပ်သားများသည် ဘုရားပရဝုဏ်အတွင်း အရက်သေစာသောက်စားခြင်းများ ပြုလုပ်သည့်အပြင် ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်ဆေးမေးမြန်း ခြောက်လန့်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်သားတို့သည် အင်အား ၅၀ ခန့်ရှိပြီး အင်းတိန် အနောက်ဘက်ခြမ်း တစ်လျှောက် ကွင်းဆင်း စစ်ဆေးမှု များလည်း ပြုလုပ်လေ့ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“အင်းတိန်ဘုရားနဲ့ အနီးမှာရှိတဲ့ အင်းတိန် ညောင်အောင်ကျောင်းမှာ စစ်ဘေးရှောင်တွေ ရှိနေတော့ ဒီစစ်သားတွေ က အဲ့စစ်ရှောင်တွေဆီကိုလည်း သွားမေးမြန်းတာရှိတယ်၊ ရွာထဲကိုလည်း လျှောက်သွားကြ တယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်ဖွဲ့များ လာရောက်နေရာယူနေခြင်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်မှုများရှိ နေကြောင်းလည်း သိရသည်။

“ဒေသခံအနေနဲ့ စိုးရိမ်စရာ ရှိတော့ရှိတာပေါ့၊ နဂိုကတည်းက မငြိမ်မသက် ဖြစ်နေတဲ့နေရာဆိုတော့ အခုလို စစ်သားရောက် လာရင် ပိုဆိုးမှာကြောက်တယ်၊ အခုဆို ရွာထဲမှာ လူငယ်တွေ အပြင်မထွက်ရဲသလောက်ပဲ၊ ကြောက်ကြလို့” ဟု အမည်မဖော်လိုသူ အင်းတိန်ရွာခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ အာဏာသိမ်း စစ်ကောင်စီ နှင့် ပူးပေါင်းသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အသွင်ပြောင်း ဌာနေပြည်သူ့စစ် (PNO/PNA) အဖွဲ့ကို ပအိုဝ်းလူငယ်အဖွဲ့ ၁၁ ဖွဲ့က ကန့်ကွက်ကြောင်းနှင့် PNO/PNA ရဲ့ လုပ်ရပ်ကို ပအိုဝ်းတမျိုးသားလုံးက ဆန့်ကျင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်များ ရှိခဲ့ဖူးသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...