သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် နှင့် သျှမ်းပြည်တောင်ပိုင်းမှ လဲချားမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ဟု အမည်ခံပြီး ငွေကြေးခြိမ်းခြောက်တောင်းဆိုမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (သြဂုတ် ၃၀) ရက်တွင် မိုင်းရယ် PDF အမည်ခံအဖွဲ့သည် မိုင်းရယ်မြို့နယ် အတွင်းရှိ ရေသန့်စက်ရုံတစ်ခုကို လိပ်မူပြီး Viber ဖုန်းနံပတ်မှ တစ်ဆင့် ငွေကြေးတောင်းယူမှု ပြုလုပ်ခဲ့သည်။
ထိုငွေကြေးတောင်းယူမှုကို လူမှုကွန်ယက်ပေါ်တင်ခြင်း၊ သတင်းပေါက်ကြားခြင်း၊ တိုင်ကြားခြင်းများပြုလုပ်ပါက လာရောက်ပစ်ခတ်မည်ဟုလည်း မိုင်းရယ် PDF တာဝန်ခံ ဗိုလ်မြတ်ခင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အရင်က ကျနော်တို့ သတင်းကို စစ်တပ်ဆီ သတင်းပေးတဲ့ သူရှိခဲ့ဖူးလို့ ကျနော်တို့ရှင်းပစ်လိုက်ရတာရှိတယ်၊ အခုလည်း ကျနော်တို့ အကြောင်းကို လိုင်းပေါ်မတင်ရင်ကောင်းမယ်၊ ထည့်လိုက် ရင် စစ်ကောင်စီက သိပြီး လာရှာရင် ဒုက္ခရောက်မှာလေ” ဟု ဗိုလ်မြတ်ခင်ဆိုသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိ မိုင်းရယ်မြို့နယ်အတွင်း ခြိမ်းခြောက်စာ ပို့နေသည့် မိုင်းရယ် PDF အဖွဲ့သည် မည်သည့်အချိန်တွင် စတင် ဖွဲ့စည်းလိုက်ခြင်း နှင့် မည်သည့်တပ်ရင်း တပ်ဖွဲ့လက်အောက်ခံဖြစ်သည်ကို ပြောပြနိုင်ခြင်းလည်း မရှိခဲ့ပေ။
“စစ်ကောင်စီနဲ့ ပတ်သက်တာ မှန်သမျှကို ကျနော်တို့ လုပ်ရမှာပဲ၊ အဲ့ဒါမှပဲ စစ်ကောင်စီကို မအလဘက် ထောက်ခံသူ မရှိမှသာ စစ်ကောင်စီက မျိုးတုံးသွားမှာ” ဟု ဗိုလ်မြတ်ခင်က ပြောသည်။
မိုင်းရယ် PDF မှ တောင်းဆိုသည့် ငွေကြေးပမာဏသည် ကျပ်သိန်း (၁၅၀) ဖြစ်ကြောင်း နှင့် လက်နက်ဝယ်ယူရေး အတွက်ဟု ပြောဆိုထားကြောင်း သိရသည်။
လက်ရှိ မိုင်းရယ် PDF တပ်ဖွဲ့မှ ပြည်သူများကို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းဆိုနေသည့်အပေါ် မိုင်းရယ်ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြောင်း လုံခြုံမှုမရှိကြောင်းလည်း မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“မိုင်းရယ်ရဲ့ အခြေအနေက တနေ့တခြား ဆိုးရွာလာသလိုပဲ၊ အခုလိုမျိုးပါ လက်နက်ပြ ချိန်းခြောက်တာမျိုးက တစ်ခါမှ မရှိဖူးတော့ အခုတစ်ခေါက်ကြုံရကြားရတာ တော်တော်ကိုထိတ်လန့်တယ်၊ အခုဆိုဘယ်ကို သွားအားကိုး ရမှန်းလည်း မသိတော့ဘူး၊ ခြိမ်းခြောက်ခံရတဲ့သူတွေကလည်း သာမာန်ပြည်သူတွေပါပဲ” ဟု မိုင်းရယ်မြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။
ယခုလ (သြဂုတ် ၂၉) ရက်တွင်လည်း မိုင်းရယ်မြို့ စက်သုံးဆီပန့်ဆိုင်ရှင် အမျိုးသားတစ်ဦးကို မိုင်းရယ် PDF တပ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့သည်ဟု ဗိုလ်မြတ်ခင် က သျှမ်းသံတော်ဆင့်ကို အတည်ပြုပြောဆိုခဲ့သည်။
ထို့ပြင် သြဂုတ် ၂၉ ရက်တွင် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် တပ်မောက်ကျေးရွာ အနီးမှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် လဲချားမြို့ နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်နေခဲ့ကြောင်း လဲချားမြို့နယ် PDF မှ ထုတ်ပြန်ထားသော်လည်း တိုက်ပွဲဖြစ်စဥ်မသိရကြောင်းလည်း ဒေသခံပြည်သူများမှ ပြောသည်။
“ကျနော်တို့ ဒေသမှာ PDF မရှိပါဘူး၊ မနေ့ကတိုက်ပွဲဖြစ်တယ်ဆိုတာ မကြားမိပါဘူး၊ ဒီဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဒီလောက်ပေါတာ PDF ရှိတယ်ဆိုတာ ကျနော်တို့ တစ်ခါမှ မသိရဘူး” ဟု လဲချားမြို့ခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်၊ နေ့လည်ပိုင်း တပ်မောက်ကျေးရွာ အနီးမှာတိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကား ကြီး ၃ စီးနှင့် အင်အား ထပ်မံတိုးကာ ပြည်သူ့စစ် အကူအညီဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း PDF မှ ပြောဆိုထားသော်လည်း ဒေသခံပြည်သူများမှ တိုက်ပွဲမရှိကြောင်း ပြောသည်။
လဲချားမြို့နယ်သည် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့ဖြစ်သည့် RCSS နှင့် SSPP တို့ လှုပ်ရှားရာ ဒေသဖြစ်သည်။
PDF အမည်ခံပြီး အကြမ်းဖက် လုပ်ရပ်များ၊ ငွေကြေးတောင်းခံခြင်းများပြုလုပ်ပြီး ထိုဒေသတွင် စစ်ကောင်စီနှင့် PDF တို့ကြား တိုက်ပွဲ မရှိကြောင်းနှင့် ယခုကဲ့သို့ ပြုလုပ်ခြင်းသည် တော်လှန်ရေး အမှန်တကယ်လုပ်နေသူများကို ထိခိုက်ကြောင်းလည်း ပြည်သူများက ဝေဖန်ပြောဆိုလိုက်သည်။







