ဖယ်ခုံ ၊ မိုးဗြဲ စစ်ရှောင်ကူညီနေသည့် ထောက်ပို့များ အကြွေးတင်နေ

ဖယ်ခုံ ၊ မိုးဗြဲ စစ်ရှောင်ကူညီနေသည့် ထောက်ပို့များ အကြွေးတင်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ စစ်ရှောင်များကို ကူညီပေးနေသည့် ထောက်ပို့များ အကြွေးတင်နေသဖြင့် စစ်ရှောင်များကိုကူညီရန် ကြပ်တည်းလာကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ ၊ ကရင်နီပြည် ဒီမော့ဆို ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF တိုက်ပွဲဖြစ်ပွားရာမှ ပြည်သူများ ၁ နှစ်ကျော် နီးပါးစစ်ဘေးရှောင်နေကြရသည်။

လက်ရှိ ကုန်ဈေးနှုန်းမြင့်တက်မှု နှင့် မြန်မာငွေဈေးနှုန်းကျဆင်းမှုကြောင့် ထောက်ပို့များ အနေဖြင့် စစ်ဘေးရှောင်များကို ဆက်လက်ကူညီနိုင်ရန်အတွက် ခက်ခဲနေကြောင်း မိုးဗြဲမြို့ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် Mobye Rescue Team မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခက်ခဲတာတော့ အကုန်ခက်ခဲတာပေါ့။ အခုကတော့ စစ်ရှောင်တွေကို ကူညီပေးဖို့ ပိုခက်ခဲလာတာပေါ့။ အလှူရှင်တွေကလည်း သိပ်မရှိတော့ဘူး။ အရင်က အများလှူတဲ့ အလှူရှင်တွေလည်း အခုက နည်းနည်းပဲ ကူညီနိုင်တော့တယ်။ ၆ သိန်းလောက်လှူနိုင်တဲ့သူက အခုဆို ၂ သိန်းလောက်ပဲ လှူနိုင်တော့တယ်” ဟု ၎င်းက ပြောသည်။

မိုးဗြဲမြို့ဘက်သို့ရောက်နေသည့် စစ်ရှောင်များသည် မိုးဗြဲမြို့ ကျေးရွာအတွင်းကသူ ဖြစ်ပြီး ကရင်နီပြည် (လွိုင်ကော်) ဒီမော့ဆိုက စစ်ဘေးရှောင်များလည်း ရောက်ရှိနေကြောင်း သိရသည်။

မိုးဗြဲမြို့ဘက်တွင် စစ်ဘေးရှောင် ၁၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

လက်ရှိစစ်ဘေးရှောင်များကို စားဝတ်နေရေးအတွက် ကူညီပေးနိုင်သေးသော်လည်း ရေရှည်အတွက် ခက်ခဲလာနိုင်ကြောင်း ထောက်ပို့များက ဆိုကြသည်။

အလားတူ လွိုင်ကော်မြို့နယ် ဒီမော့ဆို အနောက်ဘက်တွင် ရောက်ရှိနေသည့် စစ်ရှောင်များကို ကူညီပေးရန်အတွက် ထောက်ပို့များက ဆန်အိတ်ကို အကြွေးတင် ဝယ်ယူပေးနေရကြောင်း သတင်းရရှိသည်။

“ အခုကျနော်တို့တော့ ထောက်ပံ့ငွေ၊ အလှူရှင်တွေလိုနေပါတယ်။ စစ်ရှောင်တွေက ရိက္ခာပြတ်နေပြီ။ ဆန်အိတ် ၂၀၀ လောက်ကို အကြွေးတင်ပြီး ယူလာလိုက်ပြီ ။ ဆန်ဖိုးနဲ့တင် အကြွေးက အရမ်းများနေပြီး။ သိန်း ၁၀၀ နီးပါးရှိနေပြီ” ဟု ဒီမော့ဆို စစ်ဘေးရှောင်ကူညီပေးနေသည့် သူက ပြောသည်။

လက်ရှိမှာ ဆန်ဈေး တစ်အိတ်ကို ၄ သောင်းခွဲအထိ ဈေးမြင့်တက်နေကြောင်း သိရသည်။

ဒီမော့ဆိုဘက်တွင် စစ်ဘေးရှောင် ၉ ထောင် မှ ၁ သိန်းကြားရှိပြီး စစ်ဘေးရှောင်များသည် နေရပ်ကို မပြန်နိုင်သေးကာ တစ်ချို့ကျေးရွာများတွင် စစ်ကောင်စီက တပ်ဆွဲနေထိုင်ထားကြောင်း သိရသည်။

ယခုလ (ဩဂုတ် ၂၄) ရက် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာ ဒေသခံများ နေရပ်ပြန်သွားရာမှာ စစ်ကောင်စီမှ ကျေးရွာထဲသို့ တစ်ဖက်သတ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး လက်နက်ထိမှန်ပြီး ပြန်လည်ထွက်ပြေးလာရကြောင်း သိရသည်။

Most read this week

December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...