ညောင်ရွှေမြို့နယ်တွင် လောင်းကစားဝိုင်းများ ရဲ နှင့် ပူးပေါင်းဖွင့်လှစ်နေ

ညောင်ရွှေမြို့နယ်တွင် လောင်းကစားဝိုင်းများ ရဲ နှင့် ပူးပေါင်းဖွင့်လှစ်နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင်းရှိ လောင်းကစားဝိုင်းသည် ရဲ နှင့် ပူးပေါင်းဖွင့်လှစ်နေသဖြင့် ပြည်သူများ၏ လုံခြုံရေးသည် ပိုမိုစိုးရိမ်လာရကြောင်း စုံစမ်းသိရှိရသည်။

ညောင်ရွှေမြို့နယ်မှ လောင်းကစားဝိုင်းသည် (၁၀) ဝိုင်း ထက်မနည်း ရှိပြီး ရဲတပ်ဖွဲ့များကို ၁ ပတ်လျှင် သိန်း (၃၀) ပေးပြီး လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားကြောင်း ပေါင်းပိုင်းကျေးရွာ ၊ တောင်ပို့ကြီး၊ နန်းသီတာ၊ ကံကောင်းရွာ၊ ရွာမနှင့် နန်းပန် စသည့် ကျေးရွာဒေသတွင် ဖွင့်လှစ်ထားကြောင်း ညောင်ရွှေဒေသခံတစ်ဦးထံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ လောင်းကစားဝိုင်းတွင် ဂျင်ဝိုင်း၊ ကြက်ဝိုင်း၊ နှစ်လုံး သုံးလုံးထီ နှင့် ဘောလုံးပွဲ စသည့်လောင်းကစားဝိုင်းများ ဖြစ်သည်။

“လောင်းကစားဝိုင်း က လုပ်တာကြာပြီ။ အာဏာမသိမ်းခင်ကတည်းက ရဲတွေနဲ့ပေါင်းပြီး လောင်းကစား မျိုးစုံရှိခဲ့တာပါ။ စစ်အာဏာသိမ်းပြီးတော့ ပိုဆိုးလာတယ်၊ ပေါ်တင်လုပ်လာတယ်။ ညောင်ရွှေမြို့နယ်ထဲက စိုက်ပျိုးတောင်သူတွေ၊ သီးနှံပေါ်ချိန်မှာ သီးနှံရောင်းပြီး ရတဲ့ငွေတွေကို လောင်းကစားဝိုင်းထဲကို ရောက်သွားတာ အများကြီးရှိနေပါပြီ။ အခုကုန်သည်တွေ လောင်းကစားသမားဖြစ်သွားတာပေါ့ “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

လောင်းကစားဝိုင်းများတွင် စစ်ကောင်စီ လက်အောက်ခံ တပ်သားများသည် လုံခြုံရေးအတွက် ပေးထားကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိ ကာလ ကုန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်သူများ ကြပ်တည်းနေချိန်တွင်လောင်းကစားဝိုင်းမှ ထွက်ပေါ်လာသော သူခိုး၊ ဓားပြများလည်း သောင်းကြမ်းနေသဖြင့် ပြည်သူများ လုံခြုံရေးအတွက် မရှိတော့ကြောင်း ညောင်ရွှေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“လောင်းကစားဝိုင်းရှိတော့ ကား၊ ဆိုင်ကယ်၊ ရွှေထည်၊ ဖုန်းတွေ အပေါင်ခံတဲ့သူတွေလည်း မနည်းတော့ဘူး။ လောင်းကစားဝိုင်းမှာ လောင်းတဲ့သူတွေက အရှုံးများလာရင် ရရာခိုးကြတယ်။ လုယက်တဲ့သူတွေလည်း ပေါလာတယ်။ ဘာမှ လုံခြုံရေးမရှိတော့ဘူး “ ဟု ၎င်းအမျိုးသမီး တစ်ဦးကပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို ယခင်က ပြည်သူ့စစ်ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့များက သတိပေးစာများဖြင့် အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း လောင်းကစားဝိုင်းများက တခြားနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားဆဲဟု ညောင်ရွှေဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“ PDF တွေအနေနဲ့ လောင်းကစားမလုပ်ဖို့ သတိပေး တားမြစ်စာထုတ်ထားရုံလောက်နဲ့ မလုံလောက်သလို စံပြအနေနဲ့ လောင်းကစားဝိုင်း တစ်ခုကို ဖောက်ခွဲတာပဲဖြစ်ဖြစ်၊ ဝင်းစီးတာပဲဖြစ်ဖြစ် လုပ်လို့မလွယ်သေးဘူး။ အင်အားလည်း မလုံလောက်ဘူး။ ပြည်သူတွေကလည်း ကြားညှပ်နေမှာလေ။ လောင်းကစားဝိုင်းကလည်း နေရာပြောင်းရွှေ့ပြီး ဆက်ဖွင့်နေတယ်“ ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် ကျောက်မဲမြို့ ရပ်ကွက် (၁) တွင် လောင်းကစားရှုံးပြီး ငွေကြေးလိုသည့် သမီးက ဖခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...