နောင်ချိုမြို့နယ်ရောက် စစ်ရှောင် (၆၀၀) နီးပါးအတွက် အလှူရှင်လိုအပ်နေ

နောင်ချိုမြို့နယ်ရောက် စစ်ရှောင် (၆၀၀) နီးပါးအတွက် အလှူရှင်လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာထဲသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် (၆၀၀) နီးပါး အတွက် အလှူရှင် လိုအပ်နေကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခင်းကျေးရွာ၊ နားခါကျေးရွာ၊ ကြံခင်းကျေးရွာဒေသခံတို့က ဩဂုတ် ၂၄ ရက်တွင် ဒိုးပင်ကျေးရွာထဲသို့ စစ်ရှောင် (၅၉၀) ကျော် ရောက်ရှိလာသည်။

လက်ရှိမှာ ထိုစစ်ရှောင်များအတွက် အလှူရှင်မရှိသေးသဖြင့် ဘုန်းကြီးကျောင်းမှ ချက်ပြုတ်ကျွေးမွေးနေရသဖြင့် ရက်ရှည်လာပါက အစားအသောက် ပြတ်လပ်နိုင်ကြောင်း သိရသည်။

“ ဒီကိုရောက်တာတော့ ၃ ရက်လောက်ရှိပါပြီ။ ထွက်ပြေးလာတုန်းက ရှိတာပဲ ဆွဲယူပြီးထွက်ပြေးလာကြတာ။ ဘာမှ မယူလာရဘူး။ ရှိတဲ့အဝတ်တစ်စုံနဲ့ပဲ ပြေးလာကြတာ။ အများစုကတော့ ဒီတိုင်းပဲ အကုန်ထွက်ပြေး လာကြတာ။ ဘုန်းကြီးကျောင်းကပဲကျွေးထားတယ်” ဟု စစ်ဘေးရှောင်လာသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ဘေးရှောင်များ ထွက်ပြေးလာချိန်တွင် တချို့မှာ တစ်နာရီနီးပါး လမ်းလျှောက်လာရပြီး၊ မည်သည့် ပစ္စည်းမှ မယူလာနိုင်ကြောင်းလည်း စစ်ရှောင် ထွက်ပြေးလာကြရကြောင်း စစ်ရှောင်အမျိုးသမီးက ပြောသည်။

“အစကတော့ သေနတ်သံတွေက ရွာပြင်လောက်ပဲကြားတာ။ ရွာနဲ့နီးလာတော့ အားလုံးက ထွက်ပြေး လာကြတာ။ တစ်ချို့လည်း တစ်နာရီ နီးပါး လမ်းလျှောက်ပြီးထွက်ပြေးကြတာ” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထိုအပြင် အလှူရှင်တွေမရှိသည့်အတွက်ကြောင့် ဘုန်းကြီးကျောင်းမှ ချက်ကျွေးနေရကြောင်း လက်ရှိမှာ စစ်ရှောင်များအတွက် အစားအသောက်နှင့် အဝတ်အထည်များ လိုအပ်နေသည်။

နောင်ချို စစ်ရှောင်

“ဘုန်းကြီးကကြွေးတာပဲစားကြတာ။ တစ်ရက်ကို ထမင်း ၂ နပ်ကျွေးတယ်။ နေ့လည်စာနဲ့ ညစာကျွေးတာပေါ့။ လူများပေမယ့် ဟင်းလည်း အများကြီးမရဘူး။ ဒီနေ့တောင် ကုလားပဲ နဲ့ ငရုပ်သီးကြော်နဲ့ စားရတယ် ” ဟု စစ်ရှောင် အမျိုသမီးတစ်ဦး ကပြောသည်။

အလားတူ စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက “အခုတော့ ကုန်တောင်ကုန်နေပြီးလားမသိဘူး။ သွားမကြည့်ပေးရသေးဘူး။ အလှူရှင်ကလည်း လာမယ်ပြောတာရှိတယ်။ အခုချိန်ထိတော့ ဘာမှ မတွေ့ရသေးဘူး” ဟု ဆိုသည်။

အဆိုပါ ဒိုးပင်ကျေးရွာသို့ရောက်ရှိလာသည့် စစ်ရှောင်များသည် နေရပ်ကိုမပြန်နိုင်ကြောင်း၊ လက်ရှိမှာ စစ်ကောင်စီကလည်း ကျေးရွာတစ်ချို့ မှာ စစ်ဆေးနေပြီး တပ်စွဲထားကြောင်းသိရသည်။

“ တိုက်ပွဲခြေနေငြိမ်ရင်တော့ ပြန်ရင်ပြန်သွားမှာပေါ့။ အခုတော့ မပြန်နိုင်သေးဘူး။ ရွာမှာလည်း စကစ တွေက တပ်စွဲထားတာရှိတယ်လေ။ ပြီးတော့ လမ်းတွေမှာလည်း စစ်ဆေးနေတာရှိတယ်လို့ပြောတယ်။ သူတို့ ဒီမှာ နေရတာ ကြာအုံးမယ်ထင်တယ် ” ဟု ၎င်းအမျိုးသားက ဆိုပြန်သည်။

တိုက်ပွဲများရက်ရှည်ပါက စစ်ရှောင်များအတွက် အခက်အခဲများစွာ ရှိနိုင်ပြီး လက်ရှိမှာ အလှူရှင်များကို မျှော်လင့်နေကြောင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...