ရေးမြစ်ကူးတံတားလုံခြုံရေးပစ်ခတ်ခံရသလို ဘီးလင်းမြို့မရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့်ဖြစ်စဥ် ယနေ့တစ်မနက်အတွင်းဖြစ်ပေါ်ခဲ့

ရေးမြစ်ကူးတံတားလုံခြုံရေးပစ်ခတ်ခံရသလို ဘီးလင်းမြို့မရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့်ဖြစ်စဥ် ယနေ့တစ်မနက်အတွင်းဖြစ်ပေါ်ခဲ့

မွန်ပြည်နယ်တောင်ပိုင်းရှိ ရေး-ထားဝယ် ကားလမ်းပေါ်ရှိ ရေးမြစ်ကူးတံတားလုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်ခံရ၍  မွန်ပြည်နယ် မြောက်ပိုင်းရှိ ဘီးလင်းမြို့မရဲစခန်း ဒရုန်းဖြင့် ဗုံးခွဲတိုက်ခိုက်ခံရဖြစ်စဥ် ယနေ့တစ်မနက်အတွင်းဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ရေးမြစ်ကူးတံတားလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဩဂုတ်လ၂၅ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန်ခန့်က ရေးဘီလူးအဖွဲ့က လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ သို့ရာတွင် ထိခိုက်ဒဏ်ရာ ရရှိသူ မတွေ့မိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဝင်ပစ်တာ ဆယ်မိနစ်လောက်တော့ကြာတယ် ဟိုဘက်ကလည်း ပြန်ပစ်တယ်။ အဲလိုဖြစ်တာ ခဏခဏပဲ"ဟုပြောသည်။

ပစ်ခတ်မှု ဖြစ်ပြီးနောက် ရေးမြို့အဝင်အထွက်လမ်းနေရာများတွင် လုံခြုံရေးအင်အား တိုးမြှင့်ကာ စစ်ဆေးရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့ခံတစ်ဦးက "အဓိကက လူငယ်တွေကို သေချာရှာဖွေတယ် စစ်တယ်။ မေးတယ်။ ဘယ်သွားမှာလဲ။ ဘယ်ကလာတာလဲ နဲ့"ဟု ပြောသည်။

ထို့အတူ ဘီးလင်းမြို့မရဲစခန်းကို ယနေ့နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးခွဲတိုက်ခိုက်ခံရကြောင်း၊ သို့ရာတွင် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးကြောင်း၊ ပေါက်ကွဲမှုပြီးနောက် ရဲစခန်း အနီးဝန်းကျင်တွင် လုံခြုံရေးတိုးမြင့်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း စစ်ကားများဖြင့် ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဖြစ်ပြီးတာနဲ့ လမ်းကြောတစ်လျှောက် ပိတ်ထားတာတွေ့တယ်။ စစ်ကားတွေလည်း ထပ်ရောက်လာတယ်"ဟု ၎င်းက ပြောသည်။



ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဘီးလင်းမြို့နယ်အတွင်း ကင်း လှည့် စစ်ဆေးခြင်းများလည်း ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကာလအတွင်း ရေးမြို့နယ်နှင့် ဘီလင်းမြို့နယ်တို့သည် ပစ်ခတ်တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုအများဆုံးဖြစ်ပေါ်ခဲ့ကြောင်း သတင်းမှတ်တမ်းအရ သိရသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...