ဟိုပုံးမြို့ စစ်ကောင်စီ နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ခရီးသည်များထံ လမ်းခွန်ပိုကောက်ခံနေ

ဟိုပုံးမြို့ စစ်ကောင်စီ နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ခရီးသည်များထံ လမ်းခွန်ပိုကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး မြို့ထဲသို့ ဝင်လာသည့် ခရီးသည်များအားလုံးကို လမ်းခွန်အဖြစ် ပိုက်ဆံကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

ဟိုပုံးမြို့ – ဆီဆိုင်မြို့သို့ သွားလမ်း ဟိုပုံးမြို့ အလင်းပွင့် စက်သုံးဆီဆိုင်အနီးတွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက (၂၄) နာရီအတွင်း ညအိပ်စောင့်ဆိုင်းနေပြီး မြို့ထဲသို့ ဝင်လာသော ခရီးသည်များထံ ပိုက်ဆံကောက်ခံ နေကြောင်း မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

“စစ်အာဏာသိမ်းပြီး သိပ်မကြာဘူး။ သူတို့အဲ့ချိန်ကတည်းက ကောက်လာတာ။ ပြီးတော့ နောက်ပိုင်းမှာ ညအိပ်စောင့်ဂိတ်တွေ ဆောက်ပြီး (၂၄) နာရီလုံး စောင့်ပြီး အခုချိန်ထိ ပိုက်ဆံကောက်နေတုန်းပါပဲ။ သူတို့ နဲ့ ရင်းနှီးတဲ့ သူတွေ၊ မြို့ထဲက သူတွေဆိုရင် ကားတစ်စီးကို (၄၀၀) ကျပ် လောက်ပဲ ကောက်တယ်။ မတွေ့ဖူးတဲ့ လူဆိုရင်တော့ သူတို့က (၁) သောင်း အထက်ပိုကောက်တယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး လပိုင်းအကြာတွင် စစ်ကောင်စီတပ်သားများက ထိုနေရာကို လမ်းအခွန်အဖြစ် ပိုက်ဆံ ကောက်ယူခဲ့ပြီး ပြည်သူ့စစ် (PNO) တပ်သားများကိုလည်း ခေါ်ယူကာ (၂၄) နာရီအတွင်း ပိုက်ဆံကောက်ခံ နေကြောင်းသိရသည်။

ထို့အပြင် မြို့နယ်ဒေသခံများသည် ဟိုပုံးမြို့ထဲသို့ ဝင်ရန်အတွက် စစ်ကောင်စီ နှင့် ပြည်သူ့စစ် တပ်ဖွဲ့များက (၂၄) နာရီအတွင်း ညအိပ်စောင့်ဆိုင်းနေသောကြောင့် တချို့ဒေသခံများသည် ကြောက်ရွံ့ပြီး မြို့ထဲသို့ မဝင်ရဲဖြစ်နေကြောင်း ဟိုပုံးမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့က ပိုက်ဆံပဲကောက်တယ်။ တောင်ပေါ်ဒေသက ပြည်သူတွေ သူတို့လာရင် ကြောက်ကြတယ်။ မြို့ထဲကို မဝင်ရဲကြဘူး။ စစ်သားကို တွေ့ရင်သူတို့ကမဝင်ရဲဘဲ ပြန်သွားကြတာ။ အခုကပိုဆိုးတာ သူတို့ညအိပ်ပါ စောင့်ပြီး ပိုက်ဆံကောက်နေတော့ မြို့နယ်ဒေသခံတချို့တွေက မလာကြတော့ဘူး “ ဟု ၎င်းက ဆိုသည်။

လက်ရှိကာလသည် မြန်မာတဝှမ်းလုံး ကုန်စျေးနှုန်းမြင့်တက်မှု၊ ဆီစျေးနှုန်းမြင့်တက်မှုကြောင့် စီးပွားရေး ကျဆင်းနေချိန် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များက ပြည်သူ့ထံတွင် ပိုက်ဆံကောက်ခံနေသောကြောင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာနိုင်ကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...