စက်သုံးဆီ ပြတ်လပ်လာမှုကြောင့် နွားလှည်းများ သုံးစွဲလာ

စက်သုံးဆီ ပြတ်လပ်လာမှုကြောင့် နွားလှည်းများ သုံးစွဲလာ

သျှမ်းပြည်တပြည်လုံးရှိ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသည့်အပြင် ဓာတ်ဆီဆိုင်များ ပြတ်လပ်သည့် အထိ ဖြစ်ပွားနေခြင်းကြောင့် သျှမ်းပြည်တောင်ပိုင်းရှိ ကျေးရွာများ နွားလှည်း ပိုမိုအသုံးပြုလာကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း ကျောက်တလုံးမြို့နယ် ဟမ်းဆီးကျေးရွာတွင် ဓာတ်ဆီများပြတ်လပ်နေပြီဖြစ်သဖြင့် ပြည်သူများက ကားများ နှင့် ဆိုင်ကယ်များအစား နွားလှည်းများကိုသာ ပိုမိုအသုံးပြုလာကြောင်း စားသောက်ဆိုင်ပိုင်ရှင်များမှ ကုန်ပစ္စည်းများကို မြို့ပေါ်သို့တက်ဝယ်ရန်အတွက် အခက်ခဲဖြင့်ကြုံတွေ့နေရကြောင်း စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

“သြဂုတ် (၁၃) ရက်နေ့ကတည်းက ဆီစပြတ်တာ။ တောင်ကြီးမှာ တက်ဝယ်တော့လည်း တချို့စံပြဆီဆိုင်တွေက ပိတ်နေပြီ။ စားသောက်ဆိုင်ဖွင့်ထားတော့လည်း ကုန်ပစ္စည်းတွေတက်ဝယ်ဖို့ ဆီကလည်းမရှိတော့ဘူး။ အခုရွာထဲက လူတွေတော့ ကား၊ ဆိုင်ကယ်တွေ မစီးဖြစ်တော့ဘူး။ တရွာလုံးနွားလှည်းတွေ ပြန်သုံးလာတယ်။ ဆီပြတ်လပ်နေတာနဲ့ ဘယ်မှမသွားရဘူး “ ဟု ၎င်းကဆိုသည်။

သျှမ်းပြည်တပြည်လုံးတွင် ဆီဈေးအဆမတန်မြင့်တက်နေသော တောင်ကြီးမြို့တွင် ဓာတ်ဆီ (92) အမျိုးအစား ကို (၁) လီတာ လျှင်(၂,၅၈၀) ကျပ် ၊ မူဆယ်မြို့တွင် (၁) လီတာ (၃,၅၀၀) ကျပ် နှင့် လားရှိုးမြို့တွင် (၁) လီတာလျှင် (၂,၄၈၀) ကျပ်ထိ မြင့်တက်နေကြောင်း သိရသည်။

အဆိုပါ မူဆယ်မြို့တွင် ဆီဈေး အဆမတန်မြင့်တက်နေပြီး ပုံးဖြင့်စက်သုံးဆီ ဝယ်ယူစုဆောင်းသူများကို မရောင်းပေးသဖြင့် တောင်ယာလုပ်ကိုင်သော ပြည်သူများက အခက်အခဲဖြင့် ကြုံတွေ့နေရကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ တချို့လူတွေက တန်းစီပြီး ပုံးနဲ့သွားဝယ်ကြတယ်။ အပြင်မှာ (၁.၂၅) လီတာကို (၅,၀၀၀) ကျပ်အထိ ပေးရတယ်။ ဆိုင်ငယ်တွေမှာတော့ (၈,၀၀၀) ကျပ်လောက်ရှိတယ်၊ (၁) လီတာဆိုရင်တော့ (၁) သောင်းကျပ်။ အခုဆီစုဆောင်းဝယ်နေတဲ့ သူတွေကိုတော့ မရောင်းပေးတော့ဘူး။ တကယ့်တကယ် တောင်ယာလုပ်ကိုင်တဲ့ သူတွေအတွက်ကြတော့ ဝယ်ဖို့အတွက် ခက်ခဲနေတယ် “ ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

ကမ္ဘာ့နိုင်ငံများ အပါအဝင် မြန်မာပြည်မှာလည်း စက်သုံးဆီ စျေးနှုန်းများ ရက်ဆက်ဆိုသလို ကျဆင်းလာသော်လည်း မြန်မာနိုင်ငံတွင်ဒေါ်လာစျေး ကမောက်ကမ ကြောင့် စက်သုံးဆီရောင်းသူများ စက်သုံးဆီ မဝယ်ယူရဲသဖြင့် ဆီပြတ်လပ်မှုနှင့် ကြုံတွေ့လာရကြောင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...